ကမ္ဘာကြီးကို စစ်နှုတ်ခမ်းဆွဲပို့နေတဲ့အိမ်ဖြူတော်နဲ့ပင်တာဂွန်ကအာဏာရှိသူတွေ

By | April 16, 2017

စစ်အေးစစ်ပွဲဆိုတာကြီး ပြီးသွားတာ အနှစ်သုံးဆယ်နီးပါး ရှိပြီဖြစ်ပေမယ့် စစ်အေးစစ်ပွဲပြီးဆုံးသွားတာရဲ့ နောက်ဆက်တွဲဖြစ်တဲ့ နယ်မြေလုပွဲတွေကတော့ ဒီနေ့အထိ မပြီးဆုံးနိုင်တာကို ကမ္ဘာအနှံ့အပြားမှာ တွေ့နေကြရပါတယ်။ စစ်အေးစစ်ပွဲနဲ့ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်တို့အကြားမှာ မတူတာတခုက တကယ်အားပြိုင်တဲ့ဘက်နှစ်ဘက်တို့ တဦးနဲ့တဦး ထိပ်တိုက်စစ်ရေးအရ မရင်ဆိုင်ကြတာ ဖြစ်ပါတယ်။ နောက်တခုကတော့ ကမ္ဘာစစ်တွေဟာ နယ်မြေလုတဲ့စစ်ပွဲလို့ ခေါ်ဆိုနိုင်သလို စစ်ကြီးတွေ ပြီးသွားတဲ့အခါမှာလည်း ကိုလိုနီ၊ ဒါမှမဟုတ် ကိုလိုနီတပိုင်းနိုင်ငံတွေ၊ သြဇာခံနယ်မြေတွေ ခွဲဝေပြီးသားဖြစ်သွားပေမယ့် စစ်အေးစစ်ပွဲ ပြီးသွားတဲ့နောက်မှာတော့ နယ်မြေလုပွဲ၊ သြဇာခံဒေသလုပွဲတွေဟာ ဒီတော့မှ စတယ်လို့ ပြောရမလိုတောင် ဖြစ်နေပါတယ်။

ကမ္ဘာကြီးရဲ့အဖြစ်အပျက်တွေကို အနှစ်လေးဆယ်ကျော် ပြဋ္ဌာန်းခဲ့တယ်လို့ ဆိုနိုင်လောက်တဲ့ စစ်အေးစစ်ပွဲဟာ ဆိုဗီယက်ယူနီယံနဲ့ ဝါဆောအုပ်စုပြိုကွဲပြီးတဲ့နောက်မှာ ပြီးဆုံးသွားတယ်လို့ ဆိုနိုင်ပါတယ်။ ထူးခြားတာက စစ်အေးစစ်ပွဲလို့ ဆိုတဲ့အတိုင်း ကမ္ဘာစစ်ကြီးတွေလို ပစ်တာခတ်တာ၊ ဗုံးကြဲတာ၊ ဒုံးပစ်တာတွေနဲ့ ပြီးဆုံးသွားတာမဟုတ်ပါဘူး။ ဒါပေမဲ့ စစ်အေးစစ်ပွဲ ပြီးဆုံးသွားတဲ့နောက်မှာ ဆက်လက်ဖြစ်ပေါ်လာတာက အရင်စစ်ပွဲတွေပြီးဆုံးတဲ့နောက်မှာလိုပဲ (ကိုလိုနီ မဟုတ်ပေမယ့်) ကိုယ်ထင်သလိုလုပ်နိုင်တဲ့ သြဇာခံနယ်ပယ်တွေ လုယက်တာ၊ တိုးချဲ့တာတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။ နည်းနာတွေကလည်း စုံလှပါတယ်။ ဟိုကမ္ဘာစစ်ကြီးနှစ်ခုတုန်းက တစ်ဘက်ကရှုံးပြီး လက်နက်ချရတာမို့ နောက်တကြိမ် ကမ္ဘာ့အင်အားကြီးတွေ စစ်ပြိုင်ရာမှာ မပါဝင်နိုင်၊ ခေါင်းလျှိုနေခဲ့ရပေမယ့် စစ်အေးစစ်ပွဲမှာကျတော့“ရှုံး”သွားတယ်ဆိုတဲ့ဘက်ဟာ အပြတ်အသတ်၊ စစ်ရေးအရ ရှုံးသွားတာမဟုတ်တော့ စစ်အေးစစ်ပွဲရဲ့ နောက်ဆက်တွဲ နယ်မြေလုပွဲ၊ သြဇာချဲ့ထွင်ပွဲတွေမှာ အင်အားအပြည့်နဲ့ ဆက်ပါနေနိုင်ပါတယ်။

သတိထားကြရမှာက သူတို့လက်ထဲမှာ အနုမြူလက်နက်လို ကမ္ဘာဖျက်လက်နက်ကြီးတွေ ရှိနေပါတယ်။ ဒီတော့ သူတို့ဟာ သူတို့ချင်းမတိုက်ကြပါဘူး။ တခြားနိုင်ငံငယ်တွေပေါ်မှာ လုယက်တာ၊ စစ်ခင်းတာတွေ လုပ်ကြပါတယ်။ အစောဆုံးဒဏ်ခံလိုက်ရတာကတော့ ယူဂိုစလားဗီးယားလို့ ဆိုနိုင်မယ်ထင်ပါတယ်။ ပြီး ၂၀၀၁ ခုနှစ်မှာ အာဖဂန်နစ္စတန်ကို အမေရိကန်ဦးဆောင်ပြီး ဝင်တိုက်တယ်။ အဲဒီနောက် လူသိများတာကတော့ အမေရိကန်နဲ့အင်္ဂလိပ်တို့က ဖျက်အားပြင်းလက်နက် WMD တွေရှိတယ်လို့ လိမ်ညာဆင်ခြေပေးပြီး အီရတ်ကို ဝင်တိုက်တာပါ။ အခုချိန်အထိ အီရတ်မှာ အဲဒီလက်နက်တွေ မတွေ့ရပါဘူး။ နောက်လစ်ဗျား။ အခုတော့ မြားဦးဟာ ဥရောပနဲ့ အိန္ဒိယသမုဒ္ဒရာတို့ကို ဆက်တဲ့လမ်းပေါ်မှာ တည်ရှိနေတဲ့၊ နောက်ပြီး ရေနံသယံဇာတတွေ ပေါကြွယ်တဲ့ ဆီးရီးယားနဲ့ ကမ္ဘာ့အလယ်မှာ အထီးကျန်လို ဖြစ်နေတဲ့၊ တရုတ်နဲ့ရုရှားကို ဝိုင်းပတ်ရာမှာ အရေးပါတဲ့ မြောက်ကိုရီးယားတို့ဆီကို ချိန်ရွယ်နေပါပြီ။

တကယ်က အမေရိကန်ဟာ သူ့ရဲ့စီးပွားရေးနဲ့ စစ်ရေးအားသာမှုအပေါ်မှာ မောက်မာပြီး နိုင်ငံတကာမှာ လူတကာကို ပုခုံးချင်းလိုက်တိုက်နေပါတယ်။ တချိန်တည်းမှာပဲ တနေ့ကပဲ အနုမြူလက်နက်ပြီးရင် ပေါက်ကွဲမှုအပြင်းထန်ဆုံးဖြစ်တဲ့၊ သူတို့အခေါ် ဗုံးတကာတို့ရဲ့မိခင်လို့ဆိုတဲ့ တီအင်န်တီဖောက်ခွဲယမ်း တန်ချိန် ၁၁ တန်နဲ့ ညီမျှတဲ့ GBU-43 ဧရာမဗုံးကြီးကို အာဖဂန်မှာ ချပြလိုက်ပါတယ်။ ဒါဟာ တကမ္ဘာလုံးမြင်အောင် တမင်အစွမ်းပြတယ်ဆိုတာ လူတိုင်းသိပါတယ်။ ကိုရီးယားကို ရေတပ်စေလွှတ်တာနဲ့လည်း တိုက်ဆိုင်နေပါတယ်။ သိုးဆောင်းဘာသာစကားမှာ “Two wrongs don’t make a right” “အမှားနှစ်ခုလုပ်လို့ အမှန်မဖြစ်ဘူး” ဆိုတဲ့စကား ရှိပါတယ်။ ဆီးရီးယားက တကယ်ပဲမှားတယ်ထားဦးတော့ အမေရိကန်က ဒီလိုမလုပ်သင့်ဘူးလို့ ပြောကြပါတယ်။

အမေရိကန်ရဲ့ဒုံးပျံတွေကြောင့် ဆီးရီးယားအရပ်သား ၇ ဦး သေပြီး ၉ ယောက် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။ သတင်းဝေဖန်သူတဦးက ဒါနဲ့တပါတည်း အမေရိကန်နိုင်ငံသားတွေကို သတိပေးလိုက်တာက ဆီးရီးယားနဲ့ရုရှားတို့ဟာ ဒီလိုတိုက်ခိုက်လိမ့်မယ်ဆိုတာကို ကြိုသိလို့ သူတို့ရဲ့လေယာဉ်တွေ၊ တပ်တွေကို အဲဒီစခန်းကနေ ရွှေ့ထားလိုက်ကြပြီ။ ဒါကြောင့် ထရမ့်အစိုးရဟာ အမေရိကန်ဒေါ်လာသန်း ၁ဝဝ အကုန်ခံပြီး သဲတွေကုလားအုပ်ချေးတွေကို ဖောက်ခွဲခဲ့တယ်လို့ ပြောကြပါတယ်။

ဆီးရီးယားကို ဗုံးကြဲဖို့အတွက် ဒေါ်နယ်ထရမ့်က ဆီးရီးယားက အာဆတ်အစိုးရဟာ ဓာတုအဆိပ်ဗုံးတွေအသုံးပြုလို့ လုပ်ရတယ်လို့ ဆိုပါတယ်။ ရီစရာကောင်းတာက ဒေါ်နယ်ထရမ့်ဟာ အရင်က အမေရိကန်သမ္မတဂျော့ဘုရှ်ဟာ ၂ဝဝ၃ ခုနှစ်မှာ အီရတ်ကို လည်ဆယ်အကြောင်းပြပြီး ဝင်တိုက်တယ်လို့ အပြစ်တင်ဖူးတာပါပဲ။ ဒါပေမဲ့ အခု သူ့အလှည့်မှာ အကြောင်းပြချက်ကရော ဘယ်လောက်များ မှန်ပါသလဲ။ မှန်တယ်ဆိုရင်ရော အချုပ်အခြာအာဏာပိုင် သူတပါးနိုင်ငံကို အခုလို ဖောက်ခွဲယမ်း ပေါင်ချိန် ၁ဝဝဝ ကျော် သယ်ဆောင်တဲ့ တိုးမဟောက် ခရုဇ်ဒုံးပျံ ၅၉ ခုနဲ့ ပစ်တာဟာ တရားပါသလား။ သူကငါ့ခေါင်းကို ပုတ်လို့ ငါကသူ့ခေါင်းကို တင်းပုတ်နဲ့ထုတယ်ဆိုတာမျိုး ဖြစ်မနေဘူးလား။ သူတို့အခု ဒီလိုလုပ်တယ်ဆိုတာကို တချို့နိုင်ငံ ရေးသုံးသပ်သူတွေက ဒုတိယကမ္ဘာစစ်ပြီးကာနီးမှာ ခေါင်းမထောင်နိုင်ပြီဖြစ်တဲ့ ဂျပန်နိုင်ငံအပေါ်ကို အနုမြူဗုံးနှစ်လုံး ကြဲချပြီး ဆိုဗီယက်ယူနီယံနဲ့ တကမ္ဘာလုံးကို ခြိမ်းခြောက်တာနဲ့ ယှဉ်ထောက်ပြကြပါတယ်။

ဒုတိယကမ္ဘာစစ်အပြီး၊ စူးအက်တူးမြောင်းအရေးအခင်း အပြီးကတည်းက တပ်လန်နောက်ဆုတ်သွားရတဲ့ ဗြိတိသျှ နယ်ချဲ့သမားအစား အမေရိကန်က အရှေ့အလယ်ပိုင်းကို အုပ်စီးဖို့ တလျှောက်လုံး လုပ်နေတာပါ။ အစ္စရေးနဲ့ဆော်ဒီအာရေဗျားကို လက်ကိုင်တုတ်လုပ်ပြီး အီရန်၊ အီရတ်၊ ဆီးရီးယားစတာတွေကို ဗိုလ်ကျနေခဲ့တာ ရာစုနှစ်တဝက်ကျော်ခဲ့ပါပြီ။ ဒါပေမဲ့ အဲဒီဒေသကို တခြားအင်အားကြီးနိုင်ငံတွေ- အထူးသဖြင့် ရုရှားကလည်း သွားရည်ကျနေတာဖြစ်တော့ သူ့အကြံအစည်မှာ အခက်အခဲအဖုအထစ်တွေ အမြဲကြုံတွေ့နေရပါတယ်။ အဲဒီဒေသမှာ တည်ရှိနေတဲ့ ဆွန်နီနဲ့ရှီအာမူဆလင်တွေ အကြားက ပဋိပက္ခဟာလည်း သူတို့အတွက် အခွင့်ကောင်းတရပ်လို ဖြစ်နေပါတယ်။ ဒါကြောင့် အမေရိကန်ဟာ အဲဒီဒေသမှာ အာဖဂန်စစ်ပွဲတုန်းက အယ်လ်ခိုင်ဒါကို မွေးသလို အကြမ်းဖက်အဖွဲ့တွေ မွေးပါတယ်။

အရင်က စီအိုင်အေရဲ့ နိုင်ငံတော်အကျိုးစီးပွားကောင်စီ ဒါရိုက်တာတဦးဖြစ်တဲ့အပြင် သူကိုယ်တိုင်လည်း အရှေ့အလယ်ပိုင်းရေးရာမှာ စစ်ရေးနဲ့ထောက်လှမ်းရေးတာဝန်ခံ ဖြစ်ခဲ့ဖူးတဲ့ ဖီလစ်ဂျီရာလ်ဒီက ဓာတုအဆိပ်ဗုံးကို ဆီးရီးယားနဲ့ ရုရှားတို့က လုပ်တယ်လို့ စွပ်စွဲတာကို လိမ်ညာတာလို့ ပြောလိုက်ပါတယ်။

sr

အမေရိကန်က အာဆာ့ဒ်ကို စည်းကျော်တယ်လို့ အပြစ်တင်တာကို သရော်ထားတဲ့ အင်္ဂလန်က အော့ဇာဗာသတင်းစာထဲက ကာတွန်းပါ။

ဒီတော့ ဆီးရီးယားမှာ ဓာတုအဆိပ်ဗုံးနဲ့ တိုက်တယ်ဆိုတာကို အိမ်ဖြူတော်အလိုကျ လိုက်မပြောတဲ့လူတွေရဲ့ အသံကိုလည်း နားထောင်သင့်ပါတယ်။
ဒီအထဲမှာ အမေရိကန်ရဲ့ကာကွယ်ရေးထောက်လှမ်းရေးဌာန ဒီအိုင်အေ (Defense Intelligence Agency) က ပင်စင်ယူထားတဲ့ ဗိုလ်မှူးကြီးပက်ထရစ်လန်း (Patrick Lang) ခွဲခြမ်းစိပ်ဖြာတာဟာ စိတ်ဝင်စားစရာကောင်းလှပါတယ်။

သူက- (၁) ရုရှားတွေဟာ သူတို့ရဲ့ပစ်မှတ်ကို လွန်ခဲ့တဲ့နှစ်လလောက်ကတည်းက အမေရိကန်ကို အသိပေးထားခဲ့တယ်။ အမေရိကန်နဲ့ရုရှားတပ်တွေအကြား ပစ်ခတ်မှု မဖြစ်ပွားအောင် ကာကွယ်တားဆီးတဲ့၊ ကိုယ့်ရဲ့စစ်ရေးခြေလှမ်းတွေကိ ုကြိုတင်အသီးပေးကြတဲ့ သီးသန့်တယ်လီဖုန်းလိုင်းတခု ရှိတယ်။

(၂) ရုရှားတွေက သူတို့ရဲ့ပစ်မှတ်ဟာ အစ်ဒလစ်ဘ်မှာရှိတဲ့ အစ္စလမ္မစ်သူပုန်တွေရဲ့ လက်နက်ခဲယမ်း သိုလှောင်တဲ့နေရာ ဖြစ်တယ်လို့လည်း ပြောခဲ့တယ်။

(၃) ဆီးရီးယားလေတပ်က ပုံမှန်လက်နက်တွေနဲ့ ပစ်တယ်။ ထပ်ဆင့်ပေါက်ကွဲမှုတွေ မြင်ရမယ်လို့ တွက်ထားတယ်။ ဒါပေမဲ့ လက်တွေ့မှာ မီးခိုးတွေ၊ ဓာတ်ငွေ့တွေ ထ’တက်လာတာကို တွေ့ကြရတယ်။ ဖြစ်ပုံက အစ္စလမ္မစ်သူပုန်တွေဟာ အဲဒီမှာ ဓာတုလက်နက်တွေ သိုလှောင်ထားတယ်၊ အများပြောကြတဲ့ ဆာရင် (sarin) ဓာတုလက်နက်တွေ မဟုတ်ဘူး။ အဲဒီဓာတုဗေဒပစ္စည်းတွေ- ဖော့စ်ဖိတ်နဲ့ ကလိုရင်းတွေအပါ- လေနဲ့လွင့်ပါပြီး အပြစ်မဲ့ပြည်သူတွေကို သေစေတာပဲ ဖြစ်တယ်။

(၄) အဲဒီနေ့တုန်းက လေပြင်းတိုက်နေတယ်။ ဒါကြောင့် ဒီအဆိပ်ငွေ့ပါ ဓာတ်ငွေ့လုံးတွေကို လေကသယ်သွားပြီး အခုလို အများအပြား သေစေတာ ဖြစ်တယ်။

(၅) ဆာရင်ဓာတ်ငွေ့မဟုတ်မှန်း ဘယ်လိုသိသလဲ။ အင်မတန်ရှင်းပါတယ်။ “ပထမဆုံးကူညီသူ”များဟာ သေဆုံးထိခိုက်သူတွေကို လက်ဗလာတွေနဲ့ ကိုယ်တွယ်တာပါ။ ဆာရင်ဓာတ်သာဆိုရင် လူ့အရေပြားကို ထိတာနဲ့ ချက်ခြင်းသေမှာပါ။ ဒါကို ကျွန်တော်ဘယ်လိုသိသလဲလို့ မေးမလား။ ကျွန်တော်ကိုယ်တိုင် အယ်လ်ဘားမားပြည်နယ်က ဖို့မက်ကလယ်လန် (Fort Mc Clellan ) မှာ လက်တွေ့သင်တန်းဆင်းခဲ့တာပါ။

ပက်ထရစ်လန် ဆက်ပြီးပြောတာက “ဒေါ်နယ်ထရမ့်က ဘယ်လိုပဲ လေကြီးလေကျယ်တွေ ပြောနေနေ သူ့ကို လူတွေက မယုံကြပါဘူး။ ဆိုးတာက သူ့ရဲ့ဒီလိုစတန့်လုပ် လေထွားရာမှာ ကာကွယ်ရေးဝန်ကြီး ဂျင်မ်မက်တစ်နဲ့ စီအိုင်အေဒါရိုက်တာ မိုက်ပွန်ပီယိုတို့ပါ ပါဝင်နေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဆီးရီးယားက ဓာတုလက်နက်နဲ့ တိုက်ခိုက်တာ မဟုတ်ကြောင်း အမေရိကန်ထောက်လှမ်းရေးတွေဆီက သတင်းအချက်အလက်တွေနဲ့ ကွန်ဂရက်မှာ တင်လာတာကို ထရမ့်ပ်က ငြင်းပယ်တယ်ဆိုရင်တော့ မုချတရားစွဲခံရပါလိမ့်မယ်။ သူသမ္မတသက်တမ်း အပြည့်မှ နေရပါ့မလား တွေးစရာပါ”တဲ့။

တကယ်က အိမ်ဖြူတော်နဲ့ပင်တာဂွန်ဟာ အီရန်နဲ့သူ့မဟာမိတ်ဆီးရီးယားတို့ကို ရည်ရွယ်တဲ့ မြေအောက်လှုပ်ရှားမှုတွေ လုပ်နေခဲ့တာ ကြာပါပြီ။ ဒီအတွက် ဆွန်နီအစွန်းရောက်အုပ်စုတွေ မွေးမြူပြီး သူတို့ကို ဆာရင်ဓာတ်ငွေ့လက်နက်တွေ တပ်ဆင်ပေးထားတယ်၊ အခု ဆီးရီးယားက ဗုံးကြဲတော့ အဲဒီဆာရင်ဓာတ်ငွေ့ သိုလှောင်ရာတွေကိုထိပြီး ပျံ့လွင့်ကုန်တယ်လို့ဆိုတဲ့လူလည်း ရှိနေပါတယ်။

သာမန်လူစဉ်းစားနည်းနဲ့ပဲ စဉ်းစားကြည့်ပါ။ အခုလို အရပ်သားတွေ အမြောက်အမြားသေကြေအောင် ဆာရင်ဓာတ်ငွေ့ကို သုံးတယ်ဆိုရင် သုံးလိုက်တဲ့အတွက် ဘယ်သူ့မှာ အကျိုးရှိပါသလဲ။ တကယ်အမြတ်ရသွားသူဟာ အဲဒီဒေသမှာရှိတဲ့ လေယာဉ်ပျံမပျံရလို့ တောင်းဆိုနေတဲ့ ဖောက်ပြန်တဲ့အစိုးရတွေနဲ့ ကိုယ့်နိုင်ငံတွင်းမှာ နာမည်ပျက်၊ ကွန်ဂရက်လွှတ်တော်မှာ ထောက်ခံမှု ကျဆင်းနေတဲ့ ဒေါ်နယ်ထရမ့်သာ အမြတ်ရတယ်မဟုတ်ပါလား။ လောလောဆယ်ဆယ်မှာ ထရမ့်ဟာ အမေရိကန်နိုင်ငံဘတ်ဂျက်ရဲ့ လူမှုရေးသုံးစွဲမှု ဒေါ်လာ ၅၄ ဘီလျံကို စစ်ရေးသုံးစွဲမှုစာရင်းထဲ ထည့်လိုက်တဲ့အတွက် အကန့်ကွက် ခံရ၊ ဝေဖန်တိုက်ခိုက်တာ ခံနေရတယ်ဆိုတာကို မမေ့သင့်ပါဘူး။

အခုတော့ ဒီဖြစ်ရပ်ကြောင့် အမေရိကန်နဲ့ရုရှား ထိပ်တိုက်တွေ့တော့မလိုလို၊ တတိယကမ္ဘာစစ်ပဲ ဖြစ်တော့မလိုလို ဖြစ်လာတာ ကမ္ဘာ့ပြည်သူတွေ ရတက်မအေးစရာပါ။ ဒါ့အပြင် ထရမ့်က မြောက်ကိုရီးယားကို ရေတပ်တွေ စေလွှတ်လိုက်ပြန်တော့ ပိုဆိုးကုန်ပါတယ်။ အခု ကမ္ဘာပေါ်မှာ သူ့တို့ကို ဆန့်ကျင်တဲ့လူတွေ နည်းသွားပြီလို့ ယူဆထားတဲ့ ထရမ့်အစိုးရနဲ့ စစ်ဝါဒီတွေကို ဒီအတိုင်း လွှတ်ထားလို့ မရပါဘူး။ နိုင်ငံတကာအရေးအခင်းတွေမှာ ပြဿနာတွေကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ လိုလားကြတဲ့ အစိုးရနဲ့နိုင်ငံရေးအင်အားစုတွေဟာ အမေရိကန်ရဲ့ ဒီလိုကျူးကျော် အနိုင်ကျင့်တဲ့ လုပ်နည်းလုပ်ဟန်ကို အနည်း ဆုံးဆန့်ကျင်ကန့်ကွက်ကြောင်း ဖော်ပြကြဖို့ လိုပါတယ်။ တခြားမပြောတောင် အချုပ်အခြာအာဏာပိုင်တဲ့ သူတပါးနိုင်ငံအပေါ် တဖက်သတ်ဗုံးကြဲတာဟာ ဖြေရှင်းနည်းမဟုတ်ဘူးလို့ ပြောကြရပါမယ်။ ဒီနေရာမှာ အမေရိကန်ပြည်သူတွေအပါ အဝင် ကမ္ဘာ့ပြည်သူတွေဟာ တောင်းဆိုဆန္ဒပြကြဖို့ လိုပါတယ်။ ဗီယက်နမ်စစ်ပွဲ ပြီးဆုံးသွားကာနီးမှာ ဝါရှင်တန်က ရှက်ရမ်းမရမ်းဝံ့တာဟာ ကြီးမားလှတဲ့ အမေရိကန်ပြည်သူတွေနဲ့ ကမ္ဘာ့ပြည်သူတွေရဲ့ ဆန္ဒပြပွဲကြီးကြောင့် ဖြစ်ပါတယ်။ အခုကိစ္စဟာ ကမ္ဘာတခုလုံး၊ လူသားတရပ်လုံးနဲ့ဆိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *