အနှစ်မဲ့တဲ့ ကြက်ဆူပင်ပါလား

By | November 24, 2014

(နိုင်ငံတခုရဲ့အသက်က ဒီအခြေခံဥပဒေပဲ။) တဲ့။

 

ဗိုလ်မင်းအောင်လှိုင်က သူ့ရဲ့ အင်တာဗျူးထဲမှာ အဲသလို ထည့်သွင်းပြောကြားသွားတယ်။

အခြေခံဥပဒေရဲ့ အမှားအမှန် ပြဿနာကို ထည့်ပြောမသွားဘူး။ စစ်အာဏာရှင်စနစ် သားစဉ်မြေးဆက်တည်တံ့ဖို့။ တနည်းဆိုရင် အာဏာကို သူတို့သားစဉ်မြေးဆက် ချုပ်ကိုင်ထားဖို့ ရေးဆွဲထားတဲ့ ဥပဒေလား၊ ပြည်သူတွေရဲ့ ဘဝ လုံခြုံရေး အေးချမ်းသာယာရေး၊ တိုင်းပြည်စည်ပင်ဝပြောစေရေးအတွက် ရေးဆွဲထားတဲ့ ဥပဒေလားဆိုတာတော့ ခွဲခြားပြောဆိုဖို့ ဝေလာဝေး၊ သူကိုယ်တိုင်မှ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း ရှိနေမှာတောင် မဟုတ်ပါ။ ပြည်သူလူထုအကျိုး နက်နက်ရှိုင်းရှိုင်း အကျိုးပြုမယ်ဆိုတဲ့ စိတ်ဓာတ်မရှိတာကတော့ သေချာပါတယ်။

 

ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ နိုင်ငံတခုရဲ့ အသက်-လို့ သူပြောတဲ့အတိုင်းပါပဲ။ စစ်အာဏာရှင်စနစ် သားစဉ်မြေးဆက်တည်တံ့ရေးကို တံတိုင်းလို ကာဖို့ ရေးဆွဲထားတဲ့ ဒီအခြေခံဥပဒေကြောင့် ပြည်သူလူထုကြီး ဒုက္ခပင်လယ်ဝေနေရတယ်။ အသက်တွေ သေပေးနေရတယ်။ တိုင်းပြည်သွေးချောင်းစီးနေရတယ်။ တိုင်းရင်းသားပြည်သူတွေ အလောင်းချင်း ထပ်နေရတယ်။ ကျောင်းသားသူငယ် ကလေးအရွယ် လူမမယ်တွေကအစ လမ်းပေါ်ထွက် ဆန္ဒပြနေရတယ်။ ဒီအခြေခံ ဥပဒေကြောင့် ပြည်တွင်းငြိမ်းချမ်းရေးမရနိုင်ဘဲ ကာချုပ်ပြောတဲ့ မူ (၆) ချက်ကြောင့် အတုအယောင် ငြိမ်းချမ်းရေးဆိုတာတောင် အကောင်အထည် မပေါ်ဘဲ လေထဲမှာ ချာချာရမ်းပြီး တိုးလိုးတန်းလန်းကြီးဖြစ်နေရတယ်။ ဒီလိုအခြေခံဥပဒေဟာ နိုင်ငံတခုရဲ့ အသက်လို အရေးပါတယ်ဆိုရင် မကောင်းတဲ့ အခြေခံဥပဒတရပ် တည်ရှိနေမှုဟာ တတိုင်းပြည်လုံး ပျက်စီးဆုံးပါးမယ့် အန္တရာယ်၊ ပြည်သူတွေ ဆင်းရဲဒုက္ခမျိုးစုံကြား ဒုက္ခပင်လယ်ဝေမယ့် အခြေအနေတရပ်ဆီ နေ့စဉ်နဲ့အမျှ ဦးတည်ရွေ့လျားနေပါတယ်။ ဒီလို တိုင်းပြည်အပေါ် ဖိစီးထားတဲ့ မကောင်းဆိုးဝါး တစ္ဆေကြီးတကောင်ဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေကြီးရဲ့ ခြောက်လှန့်မှုဒဏ်ကို ပြည်သူလူထုက နေ့စဉ်နဲ့အမျှ ရင်ဆိုင်ခံစားနေကြရပါတယ်။ သူတို့က ၂၀၀၈ အခြေခံဥပဒေဆိုတဲ့ တစှေ္ဆကြီးကို မွေးမြူပြီး အကာအကွယ်ယူထားပေမယ့် လူထုလှုပ်ရှားမှု ဖြစ်ပေါ်လာမှာကိုတော့ အကြောက်ကြီး ကြောက်နေကြတယ်။ လူထုတိုက်ပွဲတွေရဲ့နောက်မှာ ဗကပ တစ္ဆေကြီးရှိနေတယ်ဟေ့ဆိုပြီး လက်မဲကြီး-လက်မဲကြီး၊ သူရဲကြီး-သူရဲကြီးနဲ့ အော်ပြနေကြတယ်။

 

လာလာချည်သေးတယ်။ ၂၀၀၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ကျနော်တို့နိုင်ငံရဲ့ လက်ရှိ ဒီမိုကရေစီ တည်ရှိမှုရဲ့တကယ့်အသက်တခုပါပဲ-တဲ့။ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဆိုပါလား။ လယ်သမားတွေကို ထောင်ထဲ ထည့်တဲ့ ဒီမိုကရေစီလား၊ လက်ပံတောင်းမှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ ရဟန်းသံဃာတွေကို မီးလောင်ဗုံးနဲ့ ပစ်ခတ်နှိမ်နင်းခဲ့တဲ့ ဒီမိုကရေစီလား။ မီဒီယာသမားဆိုတာကို ထင်သလို ပစ်သတ်နိုင်ခွင့်ရှိတဲ့ ဒီမိုကရေစီလား။ ဆန္ဒပြသူတွေကို လက်သတ်မွေးထားတဲ့ လူမိုက်လူရမ်းကားတွေနဲ့ ရိုက်နှက်ဖြိုခွင်းတဲ့ ဒီမိုကရေစီလား၊ ပြည်သူ့အိုးအိမ်နဲ့ ကျေးလက်တောရွာတွေကို ဘူဒိုဇာနဲ့ ထိုးခွဲဖျက်ဆီးတဲ့ ဒီမိုကရေစီလား။ လွှတ်တော်မှာ  ပြည်သူလူထု မရွေးချယ်တဲ့ စစ်သားလွှတ်တော်ကိုယ်စားလှယ်တမတ်သားကို ကိုင်ပြီး လူထုအကျိုးရှိစေမယ့် အဆိုပြုချက်မှန်သမျှ ပယ်ချနေတဲ့ ဒီမိုကရေစီလား။ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ စစ်အစိုးရ၊ စစ်တပ်၊ ဦးပိုင်၊ စစ်ခရိုနီနဲ့ ဦးအောင်သောင်းတို့ကို နည်းနည်းမှ အထိမခံတဲ့ ဒီမိုကရေစီလား၊ စစ်အာဏာရှင်စနစ်ရှိရင် ဒီမိုကရေစီမရှိဘူးဆိုတာ စစ်အုပ်စုထိပ်သီးတယောက် ဖြစ်တဲ့ ဗိုလ်မင်းအောင်လှိုင် နားမလည်ရှာပါကလား။

 

ရယ်ရပါတယ်။ ဦးသိန်းစိန်ရော၊ ဗိုလ်မင်းအောင်လှိုင်ရော စစ်အုပ်စုထိပ်သီးတွေ ဆိုတာ အတူတူနဲ့ အနူနူချည်းပါပဲ။ ဒီဥပဒေကို အတည်ပြုတဲ့အခါမှာ ၂၀၀၈ ခုနှစ်တုန်းက မဲပေးခွင့်ရှိသူ(၂၇) သန်းကျော်ထဲက (၂၈) သန်းကျော် မဲပေးခဲ့တယ်၊ ထောက်ခံမဲက ၉၂. ၄၈ ရာခိုင်နှုန်းနဲ့ ထောက်ခံအတည်ပြုပေးခဲ့သတဲ့။ အဲဒီတုန်းကလည်း တကယ့်ကို လူထုကလည်း အင်မတန်လက်ခံတဲ့ အနေအထား ငြင်းလို့ မရပါဘူးတဲ့။ ရူးလည်း ရူးနိုင်ကြပါပေ့ကွယ်၊ ဗိုလ်နေဝင်းလက်ထက်ကတည်းက အတုအယောင် ပြည်သူ့ဆန္ဒခံယူပွဲဆိုတာလုပ်ပြီး ပြည်သူကို ပေါ်တင်ကြီးလိမ်ညာလာခဲ့တာ ပြည်သူတွေက နောကျေနေပါပြီ။ သူတို့ဖွဲ့စည်းပုံကို ဒီလို လူထုက ထောက်ခံတာ၊ သူတို့အစိုးရဟာ ပြည်သူ့ဆန္ဒနဲ့ တညီတညွတ်တည်း ရွေးကောက်တင်မြှောက်လိုက်တာလို့ သူတို့တတွေ ပြောနေကြတာဟာ သိရဲ့သားနဲ့ မျက်စိစုံမှိတ်ပြီး အော်နေကြတာလား၊ တကယ့်အဖြစ်မှန်ကို မမြင်နိုင်လောက်အောင် ဦးနှောက်ကန်းနေကြသလားဆိုတာတော့ သူတို့ပဲ သိမှာပါ။ သူတို့မကြားသေးရင် သိကြားစေ သက်သေညွှန်းလို့ အော်ဟစ်ပြောလိုက်စမ်းပါ။ ဒီအစိုးရဟာ လိမ်ညာညစ်ပတ် မဲခိုးတက်လာတဲ့ အစိုးရ။ ဒီဖွဲ့စည်းပုံဟာ ပြည်သူ့ဆန္ဒအစစ်အမှန်မဟုတ်ဘဲ လုပ်ပွဲကြီးတွေနဲ့ အတည်ပြုထားတဲ့ အခြေခံဥပဒေဆိုတာကို။

 

လိမ်ညာစာရင်းပြနိုင်ငံရေးကိုတော့ ဗိုလ်မင်းအောင်လှိုင် တတ်ကျွမ်းပုံ ရပါလိမ့်မယ်။ ဒါကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်တဲ့ စာရင်းလိမ်တွေကို ကိုးကားပြောဆိုနေတာပါ။ တဖက်မှာတော့ ပုဒ်မ ၄၃၆ ပြင်ပေးဖို့ ပြည်သူလူထုရဲ့ မဲဆန္ဒ ၅ သန်းကိုတော့ လူဦးရေ သန်း၅၀ ရဲ့ ဆယ်ပုံ တပုံသာ ရှိပါတယ်လို့ မိုးကြိုးပစ်ရာ ထန်းလက်နဲ့ ကာသလို မခိုင်လုံတဲ့ ဆင်ခြေ ပေးထားပြန်ပါတယ်။ ဒီ ၅ သန်းဆိုတဲ့ အရေအတွက်ဟာ သန်း ၅၀ ကို ကိုယ်စားပြုတဲ့ ပြည်သူအများစုရဲ့အစစ်အမှန်သဘောထားဆိုတာ ပြည်သူဆန္ဒကို အလေးထားစူးစမ်းတတ်သူခေါင်းဆောင် တဦးဆိုရင် နားလည်မှာပါ။ လူထုနှလုံးသားကို ချဉ်းကပ်နားလည်တတ်သူ ခေါင်းဆောင်တွေဆိုရင် ဒီလိုစာရင်း ဇယားတွေ မကောက်ဘဲနဲ့တောင် လူထုဆန္ဒသဘောထားအမှန်ကို သိနိုင်ပါတယ်။

 

ခု ဗိုလ်မင်းအောင်လှိုင် ပြောသွားတဲ့ အချက်တွေ အားလုံးဟာ ၂၀၀၈ အခြေခံဥပဒေကို ကာကွယ်နေတာချည်းပါပဲ။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာရဲ့ အနှစ်သာရကို မပြောဘဲ အပေါ်ယံ လေလုံးထွားမှုတွေပဲ ဖော်ပြသွားတာပါ။ သူတို့ကိုယ် သူတို့ အမျိုးသားရေးတာဝန် ထမ်းဆောင်တယ်ဆိုတာတို့၊ လူကြီးတွေက သေသေချာချာ ခက်ခက်ခဲခဲ အချိန်ယူရေးဆွဲထားတဲ့ အခြေခံဥပဒေ ဖြစ်တယ်ဆိုတာတို့၊ ဒီနိုင်ငံရဲ့ တည်ရှိမှုကို ကာကွယ်ပေးနေတဲ့ အခြေခံဥပဒေမို့ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နေရပါတယ်ဆိုတာတို့ကို လျှာအရိုးမရှိတိုင်း ဗိုလ်မင်းအောင်လှိုင် အရှက်မရှိ ထင်ရာမြင်ရာတွေ လျှောက်ပြောသွားခဲ့ပါတယ်။ ဒီအခြေခံဥပဒေရဲ့တကယ့်အနှစ်သာရဟာ သူပြောခဲ့တဲ့ အချက်တွေနဲ့ ပြောင်းပြန်ဖြစ်နေသလို သူတို့ ဒီဥပဒေကို အချိန်ယူရေးဆွဲခဲ့တာ၊ ဒီဥပဒေကို အသေအလဲကာကွယ်နေရတာတွေရဲ့ တခုတည်းသောအကြောင်းရင်းကတော့ ဒီ ၂၀၀၈ အခြေခံဥပဒေဟာ သူတို့စစ်အုပ်စုနဲ့စစ်အာဏာရှင်စနစ်ရဲ့ အသက်ဘူး ဖြစ်နေလို့ပါပဲ။ ဒါကြောင့် သူတို့နည်းနည်းမှ အတို့အထိ မခံနိုင်တာ၊ ဒါကြောင့် သူတို့ ဓားကြိမ်းကြိမ်းပြီး ကာကွယ်နေကြတာ ဖြစ်ပါတယ်။

 

ဗိုလ်မင်းအောင်လှိုင်က လူဦးရေ သန်းပေါင်းများစွာ ရှိနေတဲ့ အိမ်နီးချင်းနိုင်ငံကြီးတွေကြားက နိုင်ငံငယ်လေးရဲ့ပထဝီနိုင်ငံရေးအနေအထားကိုလည်း တို့ထိပြောကြားသွားပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားတွေးခေါ်တဲ့ ပုံမျိုး အမြော်အမြင်ရှိလေဟန်ပေါ့။ သူ့ကျွန်ဘဝရောက်ခဲ့တဲ့ သမိုင်းကြောင်းကိုလည်း ထည့်သွင်းပြောကြားသွားပါတယ်။ တိုင်းပြည်ကို နှစ်ပေါင်း ၁၀၀ ကျော် ကျွန်ပြုသွားခဲ့သူဟာ အိမ်နီးချင်းနိုင်ငံတွေ မဟုတ်ဘဲ ပင်လယ်ရပ်ခြား အဝေးကြီးက လာရောက်ကျွန်ပြုထားခဲ့တာကိုလည်း ထည့်သွင်းစဉ်းစားရမှာပါ။ လက်တွေ့ကတော့ နိုင်ငံကြီးတွေကြားမှာ အမြော်အမြင်ရှိစွာ တည်ငြိမ်တည့်မတ်တဲ့ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးတာမဟုတ်ဘဲ၊ ဂုဏ်သိက္ခာရှိတဲ့ အချုပ်အချာ အာဏာပိုင်နိုင်ငံအဖြစ် မထူထောင်ဘဲ၊ မျက်နှာချိုသွေး လက်ဖြန့်ခံပြီး တိုင်းပြည်ရဲ့အကျိုးစီးပွာားတွေကို ပေါပေါပဲပဲ ရာင်းစားနေတာ သူတို့ကိုယ်တိုင်ပါ။ တိုင်းပြည်သယံဇာတတွေမှန်သမျှ ကုန်ခန်းလုနီးပါး၊ ပြည်သူတွေ ဆင်းရဲတွင်း နက်သထက် နက်လာနေတဲ့ အခြေအနေမျိုးကို သူတို့ပဲ ဖန်တီးခဲ့တာပါ။ အနောက်ကို ဖိတ်ခေါ်လိုက် အရှေ့ကို ပြေးကပ်လိုက်နဲ့၊ ဖြောင့်မတ်ရိုးသားတဲ့ နိုင်ငံခြားဆက်ဆံရေး မူဝါဒကို မကျင့်သုံးဘဲ မဖြစ်ညစ်ကျယ်နဲ့ နိုင်ငံကြီးတွေကြား ကိုယ်ကျိုးရှာ အမြတ်ထုတ်ဖို့ နိုင်ငံရေးကစားနေတာတွေဟာ အန္တရယ်ကြီးတဲ့ မီးစကြာကစားနေတာမို့ အဆုံးတနေ့မှာ တိုင်းပြည်ပဲ ကြားညပ်မီးလောင်ပြီး အန္တရယ်တွေ့မှာပါ။ တိုင်းပြည်အနေနဲ့ ဆိုးဝါးပြင်းထန်တဲ့ ဘေးအန္တရာယ်နဲ့ ရင်ဆိုင်ကြုံတွေ့ရမယ်ဆိုရင် အဓိက တာဝန်ယူရမှာက စစ်အုပ်စုနဲ့ သူတို့ရဲ့ အစိုးရပါ။

 

လေကြီးမိုးကြီး စကားတွေ ပြောပြီး ဗိုလ်မင်းအောင်လှိုင် ထပ်တလဲလဲ နှပ်ကြောင်းပေးနေတဲ့ စကားကတော့ လူဝင်မှု ပြဿနာလေးတွေဆိုပဲ။ အရှေ့က လူဝင်မှု ပြဿနာလား၊ အနောက်က လူဝင်မှုပြဿနာလားဆိုတာတော့ ခွဲခြားပြီး ပြောမသွားပါ၊ ဒီနေရာမှာလည်း တိုင်းပြည်နယ်နိမိတ်  လုံအောင်ကာမထားနိုင်ဘဲ ခြံစည်းရိုးကို ချိုးဖျက်ပေးတာ သူတို့ကိုယ်တိုင်ပဲဆိုတာကိုလည်း ညွှန်ပြရမှာပါ။ ဒါကို တိုင်းပြည်ရဲ့ အန္တရယ်ဆိုပြီး လက်ညှိုးထိုးပြထားကာ ဒီအန္တရာယ်ကို ကာကွယ်ပေးမယ့်သူအဖြစ် စစ်တပ်ကို သူရဲကောင်းအဖြစ် ဗန်းတင်ချင်လို့လား။ ပြဿနာနဲ့ ပဋိပက္ခတွေကို မီးမွှေးပြီး နိုင်ငံရေးအမြတ်ထုတ်ချင်လို့လားဆိုတာကတော့ သူတို့မှ သိမှာပါ။

 

ငပွကြီးထင်သလို ရမ်းကာနေတာကြောင့် နောက်ဆုံးတနေ့ နစ်နာဆုံးရှုံးရမှာကတော့ ကိုယ့်ရပ်ကိုယ့်ရွာပါ။

ပြည်သူတွေ ကိုယ့်အန္တရာယ် ကာကွယ်ဖို့ ပြင်ထားကြပေရော့။ ။

 

Leave a Reply

Your email address will not be published. Required fields are marked *