ဝတောင်တန်းက လွမ်းပန်းချီ။ ဆောင်းပါးအမှတ်(၃)။

By | October 24, 2016

ဝတောင်တန်းက လွမ်းပန်းချီ။ ဆောင်းပါးအမှတ်(၃)။

ကျွန်မသား–ညီရှင်း သို့မဟုတ် ကလေးစစ်သားပြဿနာ

ရဲဘော်ရှုယဉ်

အရေးတော်ပုံ ဂျာနယ်၊ အတွဲ(၂) အမှတ် ၇ ဆောင်းပါး

(၁)

ဒီနှစ်(၂၀၁၆)ထဲ တရုတ်ပြည်တဝန်းမှာကျင်းပတဲ့–အနှစ်(၈၀)ပြည့် ခရီးရှည်ချီတက်ပွဲ(Long March) အခမ်းအနားတွေမှာ အသက်(၉၀) ပတ်လည် တပ်နီတော်သား (Red Army)ဟောင်းတွေ တက်ရောက်လာကြပါတယ်။ (၁၀၄)နှစ်ရွယ် ရဲဘော်ဟောင်းကြီးတဦးတောင် ပါသေး။ ခရီးရှည်ချီတက်ပွဲဆိုတာက-တရုတ်ကွန်မြူနစ်တွေ ဦးစီးတဲ့ တပ်နီတော်က အဲဒီကာလ တရုတ်ပြည်ကို အုပ်ချုပ်နေတဲ့ ချန်ကေရှိတ်-ကူမင်တန် တပ်များရဲ့ ပြင်းထန်လှတဲ့ ဝိုင်းဝန်း ပိတ်ဆို့တိုက်ခိုက်ချေမှုန်းမှုများကို မခံနိုင်တော့တဲ့အဆုံး ဒီတိုက်ခိုက်မှုများကို ရှောင်ရှားရေးအတွက် သူတို့ တတွေ တည်ဆောက်ထားတဲ့ တရုတ်ပြည်တောင်ပိုင်းမှာ ရှိတဲ့ အခြေခံဒေသတွေ (ကျင်ကန်းစန်း အပါအဝင်) ကို စွန့်ပစ်ပြီး ဟိုးအရှေ့မြောက် ဘက်ဒေသ (ယင်အန်း)ကို တတပ်လုံး သေနင်္ဂဗျူဟာ ရွှေ့ပြောင်းချီတက်မှုပါ။ ၁၉၃၄-အောက်တိုဘာလက စလို့ ၁၉၃၅-အောက်တိုဘာလ ကုန်အထိ-တနှစ် ကျော်ကြာတဲ့ ခရီးရှည်ကြီးပါ။ မိုင်ပေါင်း(၅၀၀၀)ကျော်ရှည်လျားပြီး အလွန်ခက်-အလွန်ခေါင်တဲ့အရပ်တွေကို ခက်ခက်ခဲခဲ ဖြတ်ရရုံမက လိုက်လံတိုက်ခိုက်တာ-အမျိုးမျိုးကိုလည်း တွန်းလှန်တိုက်ခိုက်ရတာလည်းဖြစ်တာကြောင့် စထွက်တုန်းက လူပေါင်း(၁၃၀၀၀၀) တသိန်းသုံးသောင်းကျော် ဟာ-ယင်အန်းရောက်တော့ တသောင်းသာသာလေးပဲ ကျန်ပါတော့တယ်။

အဲဒီ-ခရီးရှည်လမ်းတလျှောက်မှာ ပါခဲ့ပြီး ယနေ့အထိ အသက်ရှင်ကျန်ရစ်သူ တပ်နီတော်သားဟောင်းကြီးများက အခါကြီးရက်ကြီးတွေ (နိုင်ငံ တော်နေ့၊ တပ်မတော်နေ့စသဖြင့်)မှာ သူတို့ အတွေ့အကြုံတွေကို ကျောင်းတွေမှာ လိုက်လံဟောပြောကြပါတယ်။ ရုပ်မြင်သံကြား သတင်းဌာန များက ပြုလုပ်တဲ့ တိုက်ရိုက်လွှင့်ပေးတဲ့ပွဲများမှာလည်း-သူတို့တက်ရောက် ဟောပြောကြပါတယ်။

အခုခေတ် လူငယ်တွေကို-သူတို့တတွေ အခုလို ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်ဖို့ ဘယ်သူတွေဘယ်လို စွန့်လွှတ်အနစ်နာခံသွားကြတယ်။ ဒါ့ကြောင့် ဒါတွေကို တန်ဖိုးထားဖို့၊ ဒီအာဇာနည်တွေကိုလည်း မမေ့ဖို့၊ နိုင်ငံရေးအရ ပညာပေးကြပါတယ်။ ဒီနှစ်ကျင်းပတဲ့ပွဲတွေမှာလည်း သူတို့ချည်းပါပဲ။ အဲဒီတပ်နီ တော်သားကြီးများဟာ ခရီးရှည် ချီတက်ပွဲတုန်းက ကလေးစစ်သားများပါ။ သူတို့ဘဝတွေကို ပြန်ပြောပြရာမှာ တချို့က မိဘမဲ့တွေ(တရုတ်ကွန်မြူနစ်ပါတီရဲ့ ဥက္ကဋ္ဌ မော်စီတုန်းနဲ့ ပထမဇနီး ယန်ခိုက်ဟွေနဲ့ရတဲ့ သားလေး ၃ ယောက်ဟာလည်း မိခင်ကို ဂျပန်ဖက်ဆစ် တွေက ခေါင်းဖြတ်သတ်ပစ်လိုက်ပြီးနောက် ရှန်ဟဲရောက်သွားပြီး မိဘမဲ့လေးတွေအဖြစ် လမ်းတကာ လှည့်လည်တောင်းစားရတဲ့ ဘဝ ရောက်ခဲ့ရဖူးတယ်) တချို့က မိဘက ဆင်းရဲလွန်းလို့ မကျွေးနိုင်လို့ ရပ်တကာ လှည့်တောင်းစားနေကြရသူတွေ-သူတို့ လှည့်ပတ် သွားလာ နေကြရင်း တပ်နီတော်နဲ့တွေ့ပြီး ထမင်းကျန် ဟင်းကျန် တောင်းစားကြရင်း တပ်နဲ့ ပါလာကြသူတွေ။ သူတို့ရဲ့ အသက် အတိအကျ လည်း မသိကြဘူး။ တပ်ထဲရောက် တော့ မှန်းပေးထားတဲ့ အသက်တွေ။ တချို့က ၁၀နှစ်-၁၁နှစ်သားတွေပဲတဲ့။

အခုတော့ သူတို့တတွေက နောင်မျိုးဆက်တွေကို တော်လှန်ရေးအမွေ နိုင်ငံရေးအမွေတွေ လက်ဆင့်ကမ်းပေးနေရတဲ့-နိုင်ငံရေးမှူး တွေဖြစ် နေကြပါပြီ။ ဒါ့အပြင်- တရုတ်ပြည်မှာ- ကလေးများနေ့(ဇွန်လ-၁-ရက်နေ့)ဆိုရင် ကလေးပညာပေးကားတွေ ပြတတ်ပါတယ်။ မပါမပြီး-ကားလေးတကားကတော့ –“တပ်သားငယ်လေး–ကျန်းကဲ” ဆိုတဲ့ကားပါ။ ဂျပန်ခုခံရေးစစ်ပွဲအတွင်း-ဂျပန်က အဘွားဖြစ်သူကို သတ်ပစ် လိုက်လို့- အစကတည်းက မိဘမဲ့ကလေး-ကျန်းကဲဟာ သူတို့ရွာနားပတ်လည်မှာ လှည့်လည်လှုပ်ရှားနေတဲ့ ပြောက်ကျားတပ်ကို ရအောင်ရှာပြီး-ဆက်သားအဖြစ် တာဝန်ယူ လုပ်ကိုင်ရတာတွေ-ဂျပန်စခန်းတွေအကြားသွားပြီး ထောက်လှမ်းရတာတွေ-စတဲ့အကြောင်းအရာတွေပါ။

ဒါတွေကတော့-တရုတ်တော်လှန်ရေးတပ်ဖွဲ့များအတွင်း မလွှဲမရှောင်သာ ရောက်ရှိလာကြရတဲ့ ကလေးစစ်သားများရှိခဲ့တယ် ဆိုတာကို နိဒါန်းချီ တာပါ။

(၂)

ထို့အတူပဲ-ကျွန်မတို့ရဲ့ ဗမာပြည်တလွှားရှိခဲ့တဲ့-ရှိဆဲလည်းဖြစ်တဲ့ တော်လှန်ရေးတပ်ဖွဲ့များအတွင်းမှာလည်း ကလေးအရွယ် (မိဘလူကြီးသူမများ အုပ်ထိမ်းမှုအောက်မှာ အပူအပင်မဲ့စွာ-စာသင်ကြားနေရမယ့် အရွယ်လေးများ)-အများအပြား ရှိခဲ့ပါတယ်။ ဒါတွေဟာ-ကျွန်မတို့ရဲ့ စိတ်ဆန္ဒ တွေနဲ့ ကင်းစွာဖြစ်ပေါ်လာခဲ့တဲ့-လက်တွေ့ဖြစ်ရပ်တွေပါ။ လူမျိူးပေါင်းစုံ ပြည်သူတွေအပေါ် ရန်သူလိုသဘောထားပြီး မပြီးနိုင်မစီးနိုင်-စစ်ဆင် တိုက်ခိုက်ပြီး ပြည်တွင်းစစ်ကြီးအတွင်း-စီးပွားရေးအရလည်း မတန်မဆ ချမ်းသာလာ-အင်အားအရလည်း-ဘယ်သူမှမယှဉ်နိုင်အောင်-ကြီးထွား လာနေပြီး ဩဇာအာဏာ ကြီးမားလာလို့-ပြည်တွင်းစစ်ကို ‘ပိုးမွေးသလို-မွေးနေတဲ့’ ဗမာ့တပ်မတော်တွင်းက-ကလေးစစ်သားများ အကြောင်း ကတော့ မကြာခဏ သတင်းတွေမှာ ပါလာပြီးဖြစ်ပါတယ်။

ဒီကလေးစစ်သားပြဿနာဟာ ပြည်တွင်းစစ်ကြီး ရှိနေသရွေ့ ဆက်လက်ရှိနေမှာပါ။ ဒီပြဿနာကို အရင်းအမြစ်ကနေ တကယ်ပဲ ဖြေရှင်း ချင်ရင်တော့-ဒီပြည်တွင်းစစ်ကြီးကို ရပ်စဲပြီး လူမျိုးပေါင်းစုံ-အဖွဲ့အစည်းပေါင်းစုံ-လူတန်းစားအလွှာပေါင်းစုံ-တန်းတူအခွင့်အရေးရရှိနိုင်တဲ့-ဘက်စုံ က ပြည့်စုံတဲ့-ပြည်တွင်းငြိမ်းချမ်းရေးတရပ်-ရအောင်ဝိုင်းဝန်းကြိုးစားကြရမှာပါ။
(၃)
ဒီနေရာမှာ-ကျွန်မကြုံတွေ့ခဲ့ရတဲ့ ကလေးစစ်သားလေးများအကြောင်း ပြောပြပါဦးမယ်။

ကျွန်မတို့-ဗမာပြည်ကွန်မြူနစ်ပါတီခေါင်းဆောင်တဲ့-ပြည်သူ့တပ်မတော်က ၁၉၆၈ခုနှစ် ဇန်နဝါရီမှာ ဗမာပြည်အရှေ့မြောက်ဒေသ ‘နယ်စိမ်း’ ကို တိုးဝင်ပြီး အဲဒီဒေသကပြည်သူတွေ ဝ၊ ရှမ်း၊ လားဟူ၊ အခါ (အများစုက-ဝ-လူမျိူး)စတာတွေကို လွတ်မြောက်စေခဲ့ပါတယ်။ ဒေသခံ-အုပ်ချုပ်သူများ ဖြစ်တဲ့ စော်ဘွားများ နယ်စားပယ်စားများလက်အောက်မှာ ကျေးကျွန်များသဖွယ် အလွန်ပင်ပန်းဆင်းရဲကြီးစွာနေထိုင်ခဲ့ရတဲ့-လူအများအပြား လွတ်မြောက်လာခဲ့ကြပြီး-ကျွန်မတို့တပ်ထဲ အလုံးအရင်းနဲ့ ဝင်ရောက်လာကြပါတယ်။ အဲဒီအုပ်တွေထဲမှာ-ကလေး အုပ်တအုပ် လည်း ပါလာပါတယ်။
အဲဒီဒေသတွေမှာ စော်ဘွားတွေက-ပဒေသရာဇ်တပိုင်း-ကျေးကျွန်တပိုင်းစနစ်နဲ့ အုပ်ချုပ်နေတာပါ။ သူတို့က သူတို့ဒေသရဲ့ ခေတ်နောက်ကျတဲ့ ကျေးကျွန်စနစ်နဲ့ ပဒေသရာဇ်စနစ်ရဲ့ အစဉ်အလာဟောင်း၊ ဓလေ့ထုံးစံဟောင်းဖြစ်တဲ့ ‘ခေါင်းဖြတ်ယဇ်ပူဇော်’တဲ့ အစဉ်အလာကို ထိန်းသိမ်း ထားခဲ့တာပါ။ ဒီလို ယဇ်ပူဇော်ဖို့ ကလေးငယ်လေးတွေကို ဝယ်ထားတတ်ပါတယ်။ တချို့ကတော့ ကြွေးနဲ့သိမ်းခံထားရတာဖြစ်ပြီး-တချို့ ကတော့-အုပ်စုတိုက်ပွဲတွေမှာ ရှုံးတဲ့အုပ်စုမှ ကလေးများကို ဖမ်းခေါ်လာတာပါ။ အဲဒီကလေးတွေ အရွယ်ရောက်ရင်(၁၅-၁၆နှစ်) သူတို့ရဲ ထုတ်လုပ်ရေး တောင်ယာ စိုက်ခင်းများ ကောင်းဖို့ (ဆန်ရေစပါးတိုးများဖို့ဆိုပြီး) ခေါင်းဖြတ်ပြီး ယဇ်ပူဇော်တာခံရပါတယ်။ သူတို့လေးတွေရဲ့ပါးမှာ ပါးရဲထိုးထားပြီး အမှတ်အသားပြုထားပါတယ်။ ရွာတိုင်းမှာအဲသလိုကလေးမျိုး-ဆယ်ဂဏန်းထိ ရှိတတ်ပါတယ်။ ကျွန်မတို့တပ်တွေက အဲဒီဒေ သရှိ စစ်အစိုးရ ဖောက်ပြန်ရေးတပ်တွေ၊ ကူမင်တန်တပ်ကြွင်းတပ်ကျန်တွေ၊ ကာကွယ်ရေးတပ်ဖွဲ့တွေစတဲ့ ဖောက်ပြန်ရေးတပ်တွေကို တိုက်ခိုက်ချေမှုန်းပြီး အဲဒီဒေသကို လွတ်မြောက်စေလိုက်တဲ့အခါ စော်ဘွားဆိုများ ထွက်ပြေးသွားပြီး အဲဒီကလေးအုပ်ကြီး ကျန်ခဲ့ပါတယ်။ စားရမဲ့မဲ့-သောက်ရမဲ့မဲ့နဲ့(တချို့ဆို အဝတ်တောင်မပါဘူး။) ကလေးတွေကို ပါတီခေါင်းဆောင်တဲ့ ပြည်သူတပ်မတော်က တပ်သားကလေးအဖြစ် မွေးမြူစောင့်ရှောက် မိဘမဲ့ ကျောင်းထောင်ကာ ပြုစုပျိုးထောင်ပေးခဲ့ဖူးပါတယ်။

တကယ်တော့ ကျွန်မတို့ရဲ့ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးဆိုတာ ပါတီခေါင်းဆောင်တဲ့ လယ်သမားစစ်ပွဲပါ။ လယ်သမားတွေက စစ်ဝတ် ဝတ်ပြီး ဖောက်ပြန်တဲ့ အုပ်စိုးသူလူတန်းစားကို တိုက်ပွဲဝင်နေတာပါ။ ပါတီခေါင်းဆောင်တဲ့ ပြည်သူ့တပ်မတော်ဟာ အဖိနှိပ်ခံလူမျိုးပေါင်းစုံနဲ့ ပါဝင်ဖွဲ့စည်းထားတာပါ။ ဒါကြောင့် အဖိနှိပ်ခံလူမျိုးပေါင်းစုံရဲ့ ‘အိမ်ထောင်စုကြီး’ ဖြစ်သလို ‘ပညာသင်ကြားပေးတဲ့ ကျောင်းတော်ကြီး’ တခု ဖြစ်ပါတယ်။ အသက်အရွယ်မျိုးစုံ ကလေးလူကြီး စသဖြင့် ပျိုပျိုအိုအို ပါဝင်နေတာ မဆန်းပါဘူး။ ဒီလိုတပ်မတော်သားတွေကို လူသားတွေပီပီ၊ လူ့အခွင့်အရေး ခံစားခွင့်ရှိအောင်၊ တန်းတူ ဆက်ဆံခွင့် ရှိရှိမဆိုတာကသာ အဓိကပါ။ ဒါတွေနဲ့ ပတ်သက်လို့ ဗမာပြည်ကွန်မြူနစ်ပါတီ လက်နက်ကိုင်တော် လှန်ရေး နှစ် ၃၀ ပြည့်အထိမ်းအမှတ်နဲ့ အရှေ့မြောက်နယ်စပ်ဒေသ ဖွင့်လှစ်ခြင်း ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် (၁၉၇၈ ခုနှစ်က) ရိုက်ကူးခဲ့တဲ့ “ငြှိမ်းမရတဲ့ မီးတောက်မီးလျှံ” မှတ်တမ်းတင် ရုပ်ရှင်ကားမှာ ထည့်သွင်းရိုက်ကူးခဲ့ဖူးပါတယ်။

ဒါ့အပြင် တော်လှန်ရေးဆိုတာ ဘယ်တော်လှန်ရေးမှ တနေ့တရက် စသဖြင့် အချိန်တိုနဲ့ ပြီးမြောက်အောင်မြင်ခဲ့တာရယ်လို့ မရှိခဲ့ဖူးပါဘူး။ ရေရှည် ဆင်နွှဲရစမြဲပါ။ ဒီလိုနဲ့ တော်လှန်ရေးသမားတွေဟာ တော်လှန်ရေးလမ်းခရီးမှာ အရွယ်ရောက်ကြတော့ တော်လှန်ရေးအိမ်ထောင်တွေ ထူ ထောင်ကြရတာပါ။ မိမိတို့ တော်လှန်ရေးဇနီးမောင်နှံက ပွားစည်းလာတဲ့ သားသမီးရတနာတွေကို တော်လှန်ရေးထဲမှာ ပြုစုပျိုးထောင် လူလား မြောက်အောင် စောင့်ရှောက်ခဲ့ကြရတာပါ။ ဒီလိုနဲ့ အရွယ်လေးတွေရလာတော့ တော်လှန်ရေးထဲက စာသင်ကျောင်းမှာ စာသင်ပေး၊ တော်လှန် ရေးလက်တွေ့ အတွင်းမှာ တော်လှန်ရေးလုပ်ငန်းတချို့မှာ ပါဝင်လုပ်ကိုင်ခိုင်းရင်း ဥပမာ- မိမိဘေးမှာ ကိုယ်ရံ၊ မြင်းထိန်းစသဖြင့် လုပ်ကိုင် ခိုင်းရင်း တော်လှန်ရေး တပ်သားလေးတွေ ဖြစ်လာတာပါ။ ဒါကြောင့် တော်လှန်ရေးတပ်ဖွဲ့အတွင်းမှာ တော်လှန်ရေးတပ်သားကလေးတွေ ရှိနေတာ ရှောင်လွှဲမရနိုင်တဲ့ ဖြစ်စဉ်ဖြစ်ရပ်တခုပါ။

ကျွန်မတို့ နည်းတူ ဗမာပြည် အဖိနှိပ်ခံ တိုင်းရင်းသားတွေကလည်း အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီရေးနဲ့ အဖိနှိပ်ခံဘဝက လွတ်မြောက်ရေး အတွက် ကိုယ်တိုင်နိုင်ငံရေးပါတီ၊ ကိုယ်တိုင်တပ်မတော်တွေနဲ့ တိုက်ပွဲဝင်နေကြတာပါ။ ဒါကြောင့် သူ့အမျိုးသားတပ်မတော်ထဲ သူ့လူမျိုးတွေ အသက် အရွယ် ကြီးကြီးငယ်ငယ် ပျိုပျိုအိုအိုကလေးကစ ပေါင်းစုံပါဝင်နေတာ မထူးဆန်းပါဘူး။

တော်လှန်ရေးဆိုတာ စနစ်ဟောင်း ဓလေ့ထုံးစံဟောင်းတွေကို တိုက်ဖျက်ပစ်ပြီး လူမှုစနစ်သစ်တရပ် ထူထောင်ရေးအတွက် တိုက်ပွဲဝင်နေတာ ဖြစ်တယ်။ လူသားလူ့အဖွဲ့အစည်းအတွင်းမှာ ဆင်းရဲဒုက္ခ အနိဋ္ဌာရုံတွေကို မမြင်ချင် မတွေ့ချင်ကြလို့ တိုက်ပွဲဝင်နေကြသူတွေ ဖြစ်တယ်။ သဘာဝရဲ့ အလှတရားတွေကို မြတ်နိုးတန်ဖိုးထားသူတွေဖြစ်တယ်။ နှလုံးသား နူးညံ့သူတွေဖြစ်တယ်။ တော်လှန်ရေးသမားပီပီ တော်လှန်ရေး လုပ်ငန်းတွေကို လူထုအကြား လှည့်လည်လုပ်ကိုင်နေရင်းက ဒုက္ခအဝဝ ရင်ဆိုင်နေရတဲ့ မိဘမဲ့ ကလေးသူငယ်တွေ တွေ့ရရင် မကြည့်ရက် မရှုရက်ဖြစ်ပြီး ကောက်ယူ မွေးစားမိကြတာပါပဲ။

(၄)

ဒီလိုနဲ့ကျွန်မမှာလည်း သားလေးတယောက်ရခဲ့ပါတယ်။ (ကျွန်မလိုပဲ ကျန်တဲ့ရဲဘော်တွေလည်း ကောက်ယူ မွေးစားမိခဲ့ကြတာပါပဲ။) သူ့နံမည်က-ညီရှင်း-တဲ့။ တကယ်တော့ ရတုန်းက (၃)ယောက်ပါ။ ဒါလေးက လက်ကျန်ပေါ့။ ရှေ့တန်းကပြန်လာတဲ့ တပ်ဖွဲ့တဖွဲ့က သူတို့ ကောက်ရလာတဲ့ ကလေးတွေထဲက အငယ်ဆုံးလေး(၃)ယောက်ကို ကျွန်မတို့ ဆေးကျောင်း ဝင်အပ်သွားပါတယ်။ ကျန်(၂)ယောက်က ဆေးကျောင်းမှာ မပျော်ဘူး။ သူတို့ရွာသားချင်းတွေရှိတဲ့-တပ်ကိုပဲ ပြန်ချင်တယ်ဆိုပြီး တငိုငိုတရီရီ ဖြစ်လာလို့ ပြန်ပို့ပေးလိုက်ရလို့-သူ တယောက်တည်း ကျန်ခဲ့တာပါ။

လူပုံလေးကတုတ်တုတ်ခိုင်ခိုင်-အသားလေးက ညိုညိုစိုစို-မျက်လုံးကြီးက ပြူးပြူး မျက်တောင်ကော့ကြီးနဲ့-ပါးစုန့်ကြီးတွေထွက်နေတဲ့ မျက်နှာ ဝိုင်းဝိုင်းကြီးနဲ့သူလေးကို ကျွန်မမှာ မြင်မြင်ချင်း-ဘယ့်နှယ်ဖြစ်မှန်း မသိပါဘူး။ မေတ္တာတွေရော-အသနား-အကြင်နာတွေရော-စုပုံပေးလိုက် မိပါတော့တယ်။ ‘သား-သား’ဆိုတာ-ပါးစပ်က မချမိတော့ပါဘူး။ နံမည်တောင် မခေါ်မိပါဘူး။ သားမောင်ကောက်ရ လက်ဆွဲပြီး-ကျောင်းလာ အပ်တဲ့ ကျွန်မကို ခပ်ပြုံးပြုံးမျက်နှာပေးနဲ့(သဲရန်ကော-လို့)ကြည့်နေတဲ့ ဆရာရန်လင်း(ပန်းဆန်းကျောင်း-ကျောင်းအုပ်-ကွယ်လွန်) ကို အခု တောင် ပြန်မြင်ယောင် နေသေးတယ်။

ညီရှင်းလေး-ကျောင်းပြီးတော့-ဆေးရုံကသူနာပြုသင်တန်းတက်ခိုင်းပြီး-ဆေးရုံမှာပဲ အလုပ်လုပ်ခိုင်းထားပြီး နယ်လှည့်ဆေးအဖွဲ့တွေနဲ့လည်း ပါပါ သွားတတ် ပါတယ်။ သူနာပြု-၁နှစ်တန်သည် ၂ နှစ်တန်သည် လုပ်ပြီးမှ ဖော်ပြချက်ကောင်းမှ-အဆင့်မြင့် ဆရာဝန်သင်တန်း တက်နိုင်တာပါ။ ဒါ့ကြောင့် ကျွန်မက သူ့ကို သိပ်မျက်ခြည်ပြတ်မခံဘဲ-နောက်တကြိမ်ဖွင့်မယ့်-ဆရာဝန်သင်တန်းကိုတက်ခိုင်းမယ်လို့ လျာထား ထားပါတယ်။

ဒီမှာတင်-မောင်မင်းကြီးသားလေးက ဗွေဖောက်လာပါတယ်။ ဆေးရုံရိက္ခာရုံက-ကလေးမလေးတဦးနဲ့ လက်ထပ်ခွင့်ပြုဖို့ စာတင်လာတာပါ။ ကလေးမလေးက ရုပ်ရည်လေးက သားနားပေမယ့် အစွန်းအထင်း ရှိနေသူကလေးလို့ ဆိုကြပါတယ်။ ကျွန်မတို့အခြေခံဒေသထဲကို တဖက်နိုင်ငံ က-ကုန်သည်လိုလို-ပွဲစားလိုလိုလူနဲ့ လိုက်ပြေးသွားပြီး-လအချို့ကြာမှပြန်ရောက်လာသူလေးပါ။ ကျွန်မမှာ-ကိုယ့်သားလူပျိုလေးကို-ဒီကလေး မလေးနဲ့ သဘောမတူနိုင် ဖြစ်လာတော့ ကျွန်မတို့ဆေးရုံက-စည်းရုံးရေးအရ-သူတို့-၂-ယောက်နဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ ရဲဘော်က-ကဲ-ဆရာမသားကို ကိုယ်တိုင်ပဲ ဆွေးနွေးတော့ ကျွန်တော်တို့တော့-လက်မြှောက်ပြီဆိုပြီး ပြောလာလို့-တနေ့-နေ့လည် ကျွန်မကို လာတွေ့ဖို့ ချိန်းလိုက်ပါတယ်။

ကျွန်မအိမ်ထဲ မရဲတရဲဝင်လာပြီး ကျွန်မရှေ့ ထိုင်ခုံမှာထိုင်-မဝံ့မရဲနဲ့ ကျွန်မကို လှမ်းကြည့်လိုက်တဲ့-သူ့မျက်လုံးလေးတွေကိုမြင်လိုက်ရတဲ့အခါ-ကျွန်မတို့ငယ်ငယ်က အဖွားပြောပြ ဆုံးမထားတဲ့ စကားတွေ ခေါင်းထဲပေါ်လာပါတယ်။ “သမီးတို့ မိစုံဖစုံနေရတာ အလွန်ကံကောင်းတာ။ ရှေးကုသိုလ်-အကျိုးပေးကောင်းလို့ပေါ့။ မိမစုံဖမစုံကြီးရတဲ့ ကလေးတွေကို-ကြည့်လိုက်စမ်း။ မျက်နှာလေးတွေက ညှိုးနေတာ။ သမီးတို့လို လက် လက်ထ မနေနိုင်ဘူး။ ကိုယ်လောက် ကံမကောင်းရှာတဲ့ သူလေးတွေအပေါ်ညှာရတယ်-မြေးရဲ့”—တဲ့။

ဟုတ်ပ။ ကျွန်မသားက မျက်နှာလေးညှိုးရုံမက- မျက်လုံးလေးတွေကရီဝေပြီး-ဆွေးရိပ်တွေတောင် သန်းနေသလိုပါလား။ မပျက်ပျက်အောင် ဖျက်မယ်ဆိုပြီး ဒေါင်းတင်ထားတဲ့ကျွန်မ-နာရီဝက်လောက် စကားအခြေအတင် ပြောပြီးတဲ့ နောက်-နောက်ဆုံး အရှုံးပေးလိုက်ရပါတယ်။

ကဲ-သူကကျွန်မကိုရှင်းပြတဲ့ စကားတွေကိုလည်း ကြည့်ပါဦး။ “ဒေါ်ဒေါ်(သူကကျွန်မကို-ဒေါ်ဒေါ်-လို့ခေါ်တယ်) တို့က သူ့ကို ဆတ်ကော့ လတ်ကော့-ပျံတံတံကောင်မလေးလို့ မြင်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ (ကျွန်မ သားသမီးချင်း မစာမနာ စိတ်လိုက်မာန်ပါ သုံးလိုက်မိတဲ့ စကားလုံး အတိ အကျပါပဲ။ သူက ဘယ်က ပြန်ကြားထားမှန်း မသိ။) တကယ်တော့-သူက သိပ်ရိုးတာ။ စိတ်လည်း သိပ်ကောင်းတာ။ ဒါ့ကြောင့် သူအညာခံလိုက်ရတာ။ အဲဒါကို ကျွန်တော်ကသနားမိတာပါ” တဲ့။ ပြီး ဆက်ပြောလိုက်ပုံက… “ဒါပေမဲ့-ဒေါ်ဒေါ်သဘောမတူရင်-ကျွန်တော် မယူပါဘူး”….တဲ့လေ။ ဘယ်မိဘများ ဒီလို အပျော့ဆွဲ-ဆွဲတတ်တဲ့ သားသမီးအပေါ်တင်း ခံနိုင်ပါ့မလဲ။

ဪ-ခုနေကာ- သားတွေ-သမီးတွေနဲ့ စည်ပင်ချမ်းသာနေရော့မယ်။

ဝတောင်တန်းပေါ်မှာ ကျွန်မ ချန်ထားရစ်ခဲ့ရတဲ့-သားတယောက်အကြောင်းပါ။

ဗမာပြည်တဝန်းရှိ ကလေးသူငယ်များ အားလုံးစိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ပညာသင်ကြားနိုင်ကြ ပါစေ။

ကလေးစစ်သားဘဝမျိုးက ကင်းဝေးကြပါစေ။
၄-၁၀-၂၀၁၆။

Leave a Reply

Your email address will not be published. Required fields are marked *