အလုပ်သမားသပိတ်တွေကို ပင့်ဖိတ်ခေါ်ယူနေတဲ့ အနိမ့်ဆုံးလုပ်ခ ကျပ် ၃၆၀၀

By | July 10, 2015

အနည်းဆုံးအခကြေးငွေဥပဒေ၊ နည်းဥပဒေများ ပြဋ္ဌာန်းပြီးနောက် ၂ နှစ်ကျော်ကြာမှ အနိမ့်ဆုံးလုပ်ခလစာ (အဆိုပြုနှုန်းထား) ကျပ် ၃၆၀၀ (တစ်နာရီ ၄၅၀ ကျပ်) ကို ဇွန်လ ၂၉ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အခုကြေညာတဲ့ အနိမ့်ဆုံးလုပ်ခ ကျပ် ၃၆၀၀ မှာ အဆိုပြုနှုန်းထားသာဖြစ်ပြီး၊ အတည်မဖြစ်သေး၊ ရက်ပေါင်း ၆၀ အတွင်း ကန့်ကွက်နိုင်/ပြင်ဆင်နိုင်ပါတယ်။ အဲဒီနောက်မှသာ အနိမ့်ဆုံးလုပ်ခ အတည်ပြုကြေညာမှာ ဖြစ်ပါတယ်။

အနိမ့်ဆုံးလုပ်ခသတ်မှတ်ရေး ကြန့်ကြာနေတာနဲ့ပတ်သက်ပြီး “အလုပ်သမားပြဿနာတွေဖြစ်အောင် မီးမွှေးပေးနေတာ ဖြစ်တယ်”လို့ လွှတ်တော်ဥက္ကဋ္ဌ ဗိုလ်ရွှေမန်းက ပြောဖူးပါတယ်။ အခုလို (အဆိုပြုနှုန်းထား) ကြေညာလိုက်တော့မှ မီးတွေထတောက်တော့မယ့် ကိန်းဆိုက်နေပါပြီ။

အနိမ့်ဆုံးလုပ်ခ ကျပ် ၃၆၀၀ သတ်မှတ်ချက်ကို အလုပ်သမားတွေဘက်ကရော စက်ရုံအလုပ်ရှင်တွေဘက်ကပါ ကိုယ်စီရပ်တည်ချက်နဲ့ မကျေနပ်ကြပါဘူး။ အလုပ်ရှင်တွေက အလုပ်တွေ ပိတ်သိမ်းမယ်လို့ ပြောနေပြီး အလုပ်သမားတွေဘက်က သပိတ်မှောက်မယ်လို့ တုံ့ပြန်နေကြပါတယ်။

အလုပ်သမားတွေဘက်က မကျေနပ်မှုဟာ တရားမျှတမှန်ကန်ပြီး၊ ကြောင်းကျိုးဆီလျော်တဲ့ မကျေနပ်မှုဖြစ်ပါတယ်။ ဒီနေ့ကာလမှာ လူတစ်ယောက် အဝစား ထမင်းတစ်နပ် ကျပ် ၂၀၀၀ ဖြစ်နေတဲ့အချိန်မှာ တစ်နေ့ လုပ်ခ ကျပ် ၃၆၀၀ ဆိုတာ ထမင်းတစ်နပ်စားပြီး ဗိုက်မှောက်နေရမယ့်ကိန်း ဖြစ်ပါတယ်။ ကုန်ဈေးနှုန်းဆိုတာက တစ်နေ့တမျိုး တက်ပြီးရင်း တက်နေတာပါ။ ကျသွားတယ်ဆိုတာ မရှိပါ။ ဦးသိန်းစိန်စစ်အစိုးရဟာ ပလိုင်းပေါက်နဲ့ ဖားကောက်နေတာပါ။ လုပ်ခလစာတွေ ပြင်ဆင်သတ်မှတ်လိုက်တိုင်း ကုန်ဈေးနှုန်းက အရင်တက်ပြီးသား ဖြစ်နေပါတယ်။ စစ်ဗိုလ်တွေပေးတဲ့ အမိန့်နဲ့ မာရှယ်လောကို လုံးဝမနာခံတာ၊ ပမာမခန့်လုပ်နေတာ ကုန်ဈေးနှုန်းပဲရှိမယ်လို့ ထင်ပါတယ်။

အလုပ်သမားဝန်ကြီးဌာနက ကောက်ယူထားတဲ့ စစ်တမ်းတစ်ခုက ဖော်ပြထားရာမှာ မိသားစုဝင် လေးဦးရှိတဲ့ အိမ်ထောင်စုတစ်ခုရဲ့ တစ်ရက် စားစရိတ်ဟာ ကျပ် ၃၀၀၀ အနည်းဆုံးရှိပါတယ်။ ဒါဟာ ကျန်းမာရေး၊ လူမှုရေးနဲ့ အခြားကုန်ကျစရိတ်တွေ မပါ ပါဘူး။ အလုပ်ဆင်းလာကြတဲ့ အလုပ်သမားတွေရဲ့ ထမင်းဘူးကို ဖွင့်ကြည့်ကြစမ်းပါ။

ဒါကြောင့် အလုပ်သမားတွေဘက်က တောင်းဆိုနေတဲ့ တစ်နေ့လုပ်ခ အနိမ့်ဆုံး ကျပ် ၄၀၀၀ ကနေ ၆၀၀၀ အကြားရရှိရေးဟာ လက်ရှိမှာ တရိပ်ရိပ်နဲ့ထိုးတက်မြဲတက်နေတဲ့ ကုန်ဈေးနှုန်းနဲ့ဆိုရင် အလျဉ်မီရုံ၊ မငတ်ရုံတမယ်သာ ရှိပါလိမ့်မယ်။ ဒါ့အပြင် အလုပ်သမားများရဲ့ လုပ်ခလစာဟာ အာဆီယံနိုင်ငံတွေထဲက အနိမ့်ဆုံးစာရင်းမှာ ပါဝင်နေတာပါ။ ဦးသိန်းစိန်စစ်အစိုးရက အဆင်းရဲဆုံးနိုင်ငံ (LDC) စာရင်းကနေ ပယ်ဖျက်နိုင်တော့မယ်ဆိုပြီး ကြွားလုံးထုတ်နေသော်လည်း တကယ့်လက်တွေ့ဖြစ်ရပ်ကတော့ ဆင်းရဲတွင်းနွံထဲမှာ နစ်မြဲ နစ်နေဆဲပါ။ နိုင်ငံတကာနဲ့ဒေသတွင်း ငွေကြေးအဖွဲ့အစည်းတွေထံကနေ လက်ဖြန့်တောင်းနိုင်ဖို့ စာရင်းက ဖျက်တာမျိုးသာ ဖြစ်ပါလိမ့်မယ်။

ဦးသိန်းစိန်စစ်အစိုးရဟာ ပြည်ပစက်ရုံပိုင်ရှင်နဲ့ အလုပ်သမားထုအကြားမှာ ငါးကြင်းဝမ်းပျဉ်းသားကို စားလိုတဲ့ မြေခွေးယုတ်လို ကျင့်ကြံနေသူသာ ဖြစ်ပါတယ်။ အလုပ်သမားသပိတ်နဲ့ စက်ရုံပိုင်ရှင်တွေကို တစ်ဖက်က လှန့်နေပြီး၊ အလုပ်သမားထုကိုတော့ စက်ရုံတွေ ပိတ်သိမ်းသွားလိမ့်မယ်၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ဝင်မလာဘဲ နေလိမ့်မယ်ဆိုတာတွေနဲ့ ခြိမ်းခြောက်နေပါတယ်။

စက်ရုံပိုင်ရှင်တွေဘက်ကလည်း အစိုးရဝန်ကြီးဌာန ၃၀ ကျော်ကို ပုံစံမျိုးစုံနဲ့ ပေးရ၊ ခွံ့ရ၊ ဂါရတဲ့ လဘ်ပေးလဘ်ယူမှုပေါင်းစုံကို ဖွင့်ချနေပါတယ်။ အလုပ်သမားဝန်ကြီးဌာနဘက်ကလည်း ပြည်ပအလုပ်ရှင်တွေ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC) မှာ ပရိုပိုဆယ် တင်ခဲ့စဉ်က ရေးသားကတိပြုထားတဲ့ လုပ်ခနှုန်းထားတွေ ဖော်ထုတ်ပြီး အလုပ်သမားထုနဲ့ ရန်တိုက်ပေးနေပါတယ်။

စက်ရုံပိုင်ရှင်တွေဘက်က လက်ညှိုးထိုးပြနေတဲ့ ဝန်ကြီးဌာနအသီးသီးကို နာမည်အမျိုးမျိုးနဲ့ဆက်သနေရတဲ့ ဆက်ကြေးတွေ ပယ်ဖျက်ပေးဖို့၊လျှပ်စစ်မီး၊ဆိပ်ကမ်းတင်ပို့မှုစတဲ့ အခြေခံအဆောက်အုံဆိုင်ရာအားနည်းချက်တွေ အမြောက်အမြားရှိနေတာကို ပြင်ဆင်ပေးဖို့ ပြောနေတာတွေဟာ နည်းလမ်းကျတဲ့ ပြောဆိုမှုတွေဖြစ်ပါတယ်။ အခုတော့ အုပ်စိုးသူအစိုးရနဲ့ စက်ရုံပိုင်ရှင်တွေဟာ ကိုယ်လွတ်ရုန်းနေကြတဲ့အတွက် နစ်နာမှုမှန်သမျှ အလုပ်သမားထု ပခုံးပေါ်၊ ခေါင်းပေါ်ကျနေပါတယ်။

အနိမ့်ဆုံးလုပ်ခ အဆိုပြုနှုန်းထား ကျပ် ၃၆၀၀ ကိုသာ အတည်ပြုခဲ့မယ်ဆိုရင် နိုင်ငံခြားသားပိုင် အထည်ချုပ်စက်ရုံ ၁၀၀ ခန့် ပိတ် သွားနိုင်ပါတယ်။ ဒီလိုပိတ်သိမ်းသွားမယ်ဆိုရင် အလုပ်သမား နှစ်သိန်းကျော် အလုပ်လက်မဲ့ဖြစ်သွားပြီး၊ အဲဒီ အလုပ်သမား နှစ်သိန်းကျော်ကို မှီခိုနေရတဲ့ မိသားစုဝင် လူဦးရေ ခြောက်သိန်းကနေ ၁၀ သိန်း ပတ်ဝန်းကျင်ရဲ့ အရေးကိစ္စဖြစ်လာမှာပါ။

တကယ်တော့ ဦးသိန်းစိန်စစ်အစိုးရဟာ စက်ရုံပိုင်ရှင်များနဲ့အတူ အလုပ်သမားထုရဲ့လုပ်အားကို ဖိနှိပ်သွေးစုပ်နေသူများသာဖြစ်ပါတယ်။ အလုပ်သမားတွေရဲ့လုပ်အားကို ချုပ်ကိုင်ပြီး ပြည်ပစက်ရုံပိုင်ရှင်တွေထံ ရောင်းစားနေသူသာဖြစ်ပါတယ်။ ပြည်ပက လာရောက် ရင်းနှီးမြှုပ်နှံသူတွေဟာ ဦးသိန်းစိန် စစ်အစိုးရမိသားစုတွေ၊ ဆွေမျိုးတွေနဲ့ ကင်းလွတ်ပြီးသီးခြားရင်းနှီးမြှုပ်နှံလို့ မရနိုင်ပါဘူး။

အလုပ်သမားဝန်ကြီးဌာနနဲ့ အလုပ်သမားအငြင်းပွားမှု ဖြန်ဖြေရေးကော်မတီ အဆင်ဆင့်ဆိုတာကလည်း စက်ရုံပိုင်ရှင်များနဲ့ ဦးသိန်းစိန်စစ်အစိုးရရဲ့အကျိုးစီးပွားကိုကာကွယ်ညှိနှိုင်းပေးနေတဲ့၊ အလုပ်သမားထုရဲ့ အခွင့်အရေးတွေကို ကန့်သတ်ချိုးနှိမ်ဈေးဆစ်ပေးရတဲ့ ဝန်ကြီးဌာနနဲ့ ကော်မတီတွေသာဖြစ်ပါတယ်။ အတိုက်အခံနိုင်ငံရေးပါတီတွေကလည်း မသိဟန်၊မကြားဟန်ဆောင်နေကြပါတယ်။ အလုပ်သမားထုဘက်က ရပ်တည် ကာကွယ်ပေးခြင်း မရှိပါဘူး။ အလုပ်သမားသပိတ်တွေ၊ ဆန္ဒပြမှုတွေ ပေါ်ပေါက်လာတဲ့အခါတိုင်း ဒီလက္ခဏာချက်ဟာ ပိုလို့ပိုလို့ ထင်ရှားရှင်းလင်းလာပါတယ်။ အခုလည်း ဦးသိန်းစိန်စစ်အစိုးရက စက်ရုံပိုင်ရှင်တွေနဲ့ ရန်တိုက်ပေးနေသလို စက်ရုံတစ်ခုနဲ့ အခြားစက်ရုံတစ်ခုက အလုပ်သမားတွေအကြားမှာ အနိမ့်ဆုံးလုပ်ခ ကျပ် ၃၆၀၀ ကို လက်ခံသူနဲ့လက်မခံသူ ကွဲပြားသွားအောင် အသံမျိုးစုံ လွှင့်ထုတ်ပြီး အလုပ်သမားထု အစည်းပြေသွားအောင် သွေးခွဲနေတာကို သတိပြုကြဖို့လိုအပ်ပါတယ်။

အလုပ်သမားတွေကတော့ အတိုက်အခံပါတီလို လွှတ်တော်ထဲမှာ မဲရှုံးသွားတာနဲ့ အခြေခံမဲစာရင်းသွားစစ်နေကြမှာ မဟုတ်ပါဘူး။ ဇွန်လ ၂၉ ရက်နေ့နောက်ပိုင်း ရက်ပေါင်း ၆၀ အတွင်း တွန်းပို့လာနေတဲ့ အခြေအနေအရပ်ရပ်ကို ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့ သူတို့ရဲ့ သပိတ်လက်နက်ကို ရဲရဲရင့်ရင့်ကိုင်စွဲလာကြရတော့မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပေါ်ပေါက်ဖြစ်ပွားလာနိုင်တဲ့ အလုပ်သမားသပိတ်တွေ၊ ဆန္ဒပြမှုတွေကို လယ်သမားတွေ၊ အစိုရဝန်ထမ်းတွေ၊ ကျောင်းသားတွေ၊ မြို့နေဆင်းရဲသားတွေရဲ့ အထွေထွေမကျေနပ်မှုတွေနဲ့ ပေါင်းစပ်ပေးနိုင်ရေးအတွက် လုံးပန်းကြသင့်ပါကြောင်း ဆော်သြလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *