ပါတီဝင်တယောက်ရဲ့ စိတ်ဓာတ်။ (ပါတီစိန်ရတု – အမှတ်တရ)

By | November 28, 2014

      ဖေဖေဟာ ၁၉၄၄ ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ တာဝန်ပေးချက်အရ သခင်စိုးကို ဒေးဒရဲအနီးက ဂွကလေးရွာမှာ သွားခေါ်ရပါတယ်။ သခင်စိုးက ဖေဖေနဲ့  သူ့ ရဲဘော်တစုကို ဆီးပြီးနိုင်ငံရေးသင်တန်းတွေ ပေးခဲ့ပါတယ်။ သင်တန်းအပြီးမှာ ဖေဖေတို့ တတွေကို သခင်စိုးက ဗမာပြည်ကွန်မြူနစ်ပါတီဝင်များအဖြစ် သိမ်းသွင်းခဲ့ပါတယ်။

      ဂျပန်တော်လှန်ရေးအပြီး ၁၉၄၅ – ဇူလိုင်မှာ ကျင်းပခဲ့တဲ့ – ပါတီရဲ့ ဒုတိယကွန်ဂရက်မှာ ဖေဖေ ဗဟိုကော်မတီဝင်အဖြစ် အရွေးချယ်ခံရပါတယ်။

       ဖေဖေဟာ အဲသလို ပါတီရဲ့ ခေါင်းဆောင်တယောက်အဖြစ် အရွေးချယ်သာ ခံခဲ့ရတာ၊ ပါတီကလာပ်စည်း ဖြတ်သန်းမှု၊ ပါတီဝင်ဘ၀ဖြတ်သန်းမှု စတာတွေ စနစ်တကျ မရှိခဲ့ပါဘူး။ ပါတီရဲ့ စည်းရုံးရေးစည်းကမ်းတို့ ဘာတို့ဆိုတာလည်း သိပ်သတိထားမိဟန် မရှိပါဘူး။ အဲဒီအချိန်တုန်းက ပါတီကလည်း အလွန်နုနယ်သေးတဲ့ ကာလဖြစ်လို့ နောက်ပြီး ဖက်ဆစ်ဂျပန်တော်လှန်ရေးနဲ့ ကိုလိုနီဘဝလွတ်မြောက်ရေး ယူဂျီကာလ ဖြတ်သန်းခဲ့ရတာဖြစ်လို့ စနစ်တကျနဲ့ စည်းကမ်းတကျဖြစ်မှုတွေကလည်း အားနည်းနေဟန် ရှိပါတယ်။ အဲဒီကာလ သခင်စိုးရဲ့ ဂိုဏ်းဂဏ လုပ်ဟန်များကလည်း ပါတီတွင်း အတွေးအခေါ်တွေ ရှုပ်ထွေးပြီး စိတ်ဝမ်းကွဲမှုများကို ဖြစ်စေခဲ့ပါသေးတယ်။

      ၁၉၄၈ ခုနှစ် ပါတီ တောခိုရတော့ ဖေဖေတောထဲ လိုက်မသွားပါဘူး။ အဲဒီအချိန်က ဖေဖေက သူရဲ့တီဘီရောဂါကုဖို့  ခွင့် ၆ လ ယူပြီး မိတ္ထီလာကို  ရောက်နေတာပါ။ သူရန်ကုန်ပြန်ရောက်တော့ သူ့တပ်တောင် မရှိတော့ပါဘူး။ အဲဒီကစလို့ သူပါတီနဲ့ အဆက်ပြတ်သွားပါတယ်။ ၁၉၅၁ – မှာ သူ့ ဂျပန်ခေတ် ရဲဘော်ဟောင်းကြီး သခင်ကြီးမြင့်ကတဆင့် ပါတီနဲ့ ပြန်အဆက်ရပေမယ့် ၁၉၅၇ – မှာ ဖဆပလ အစိုးရက သခင်ကြီးမြင့်ကို ဖမ်းလိုက်ပြီး ဖေဖေကိုလည်း တပ်ကထုတ်ပစ်လိုက်ပါတယ်။ ဒီမှာတင် ဖေဖေ ပါတီနဲ့ တခါအဆက်ပြတ်သွားပြန်ပါတယ်။

၁၉၆၂ – ဗိုလ်နေ၀င်း အာဏာသိမ်းတက်လာပြီးနောက် ၁၉၇၀ ခုနှစ်များမှာတော့ စစ်အာဏာရှင်စနစ် အတော်ရုပ်လုံးပေါ်လာပါတယ်။ ဒီတော့ ဖေဖေက သူ့မှာ နိုင်ငံရေးလုပ်နိုင်ခွင့်လည်း မရှိတော့ဘူး၊ လက်နက်ကိုင်လမ်းကြောင်း တခုထဲပဲ ရှိတော့တယ်ဆိုပြီး ပါတီနဲ့ ဆက်သွယ်ဖို့ ကြိုးစားပါတော့တယ်။ ဒီလုပ်ငန်းကို အလွန်လျှို့ဝှက် လုပ်ရတော့၊ သိပ်ခက်ခဲပါတယ်။ ဒီကြားထဲ ပါတီမှာကလည်း စည်းရုံးရေးလမ်းစဉ် အမှားအယွင်းတွေ ပေါ်နေပြီး၊ ကစဥ့်ကရဲပြိုကွဲမှုတွေ ဖြစ်နေပါတယ်။ ဒါကြောင့် ဖေဖေ အဲဒီတုန်းက ပါတီဗဟိုရှိရာ ပဲခူးရိုးမနဲ့ အဆက်မရခဲ့ပါ။

         ဖေဖေက အဲသလို ပါတီနဲ့ အဆက်အသွယ်ပြတ်နေပေမယ့် သူ့ကိုယ်သူ ပါတီဝင် တယောက်လိုပဲ သတ်မှတ်ထားဟန် ရှိပါတယ်။ အလွန်စည်းကမ်းကြီးစွာ အချိန်ဇယားအတိအကျနဲ့ နေတာပါ။ အဲဒီကာလက ရန်ကုန်မှာရှိတဲ့ — ဆိုဗီယက်သံရုံး၊ တရုတ်သံရုံး၊ မြောက်ကိုရီးယားသံရုံး၊ အရှေ့ဥရောပနိုင်ငံ သံရုံးများ က သူတို့နိုင်ငံထုတ် စာစောင်စာတမ်းများ လာလာပို့ပါတယ်။ ဖေဖေ အလွန်တန်ဖိုးထား လေ့လာတဲ့ စာစောင်တွေကတော့ တရုတ်သံရုံးက လာလာပို့တတ်တဲ့ “ChinaToday” နဲ့  “Peking Review” ပါ။ အဲဒီထဲက နိုင်ငံရေးဆောင်းပါးတွေဟာ ဖေဖေ့အတွက် နိုင်ငံရေးအမြင်တွေရှင်းအောင်၊ နိုင်ငံတကာ ပြဿနာများအပေါ် မှန်ကန်စွာကြည့်မြင်တတ်အောင် လုပ်ပေးခဲ့တယ်။ သိပ်အကျိုးရှိတာပဲ-လို့ ပြောပြဖူးပါတယ်။

     ဖေဖေက အနေအထိုင်လည်း သိပ်သိုသိပ်ပါတယ်။ စကားအပြောအဆိုကအစ အလွန်ဆင်ခြင်ပါတယ်။ ကျမတို့ ဆီဆုံလမ်း အိမ်လေးဟာ ထောက်လှမ်းရေးတွေ ပတ်လည်ဝိုင်းနေတဲ့ အိမ်ပါ။ ဖေဖေက မြေအောက်လုပ်ငန်းလည်း လုပ်လာသူ ဖြစ်လေတော့ မြေအောက်စည်းကမ်းတွေလည်း ကျေညက်ဟန် ရှိပါတယ်။ သိပ်ကို သတိကြီးပါတယ်။ ကျမကိုလည်း အနေအထိုင် အပြောအဆို ဆင်ခြင်တတ်အောင် သွန်သင်ပေးတတ်ပါတယ်။ နောက်ပိုင်း ကျမမောင် ၂ ယောက် (အောင်ကျော်ဇော-ကျော်ဇောဦး) အစိုးရဆန့်ကျင်ရေး နိုင်ငံရေးလုပ်ငန်းတွေ လုပ်လာတာကို ဖေဖေရိပ်မိဟန်ရှိပေမယ့် သူတို့ကို ဘာမှ မေးမြန်းစုံစမ်းခြင်းတွေ မလုပ်ပါဘူး။ ကျမကိုလည်း သူတို့နဲ့ နိုင်ငံရေးမဆွေးနွေးဖို့  မှာထားပါတယ်။

   ဒီလိုနဲ့ ၁၉၇၆ – ဇွန်လထဲမှာ ကိုကျော်ဇောဦး ရှေ့ပြေးအဖြစ် ပါတီဆီသို့ ထွက်ခွာသွားခဲ့ပါတယ်။ ဖေဖေ

ပါတီဆီသွားဖို့ သွားစီစဉ်တာပါ။ ကျမတို့မလဲ ခရီးထွက်ဖို့ အစစအရာရာ အလွန်လျှို့ဝှက်စွာ ပြင်ဆင်ရပါတယ်။ အိမ်က တခြားလူများလည်း မရိပ်မိအောင် ဖေဖေနဲ့ကျမ ညည (တခြားလူတွေအိပ်ချိန်မှာ) ကျမအခန်းမှာ စကားပြောရပါတယ်။ အဲဒီညတွေမှာ ဖေဖေဟာ ကျမကို ပါတီဝင်တယောက်ရဲ့စိတ်ဓါတ်၊ စံနမူနာ လုပ်ဟန်တွေကို တသက်လုံး စွဲမှတ်သွားစေခဲ့တဲ့ စကားတွေကို ပြောခဲ့ပါတယ်။

   အဲဒါတွေကတော့ —–

၁။ လမ်းမှာ ဖေဖေကို ဖမ်းမိသွားရင်လည်း သမီးက ပါတီဆီ ရောက်အောင်သွားပါ။ ဘယ်သူ့ကိုပဲ ဖမ်းမိမိ၊ တယောက်ကို တယောက်မကယ်နဲ့။ ကိုယ့်ဟာကိုယ် လွတ်အောင်လုပ်။

၂။ ပါတီကို ဖေဖေ – ၁၉၄၈ – တုန်းက ဘာလို့တောမခိုခဲ့သလဲဆိုတာ ရှင်းပြပါ – ဆိုပြီး သူအဲဒီတုန်းက ဖြစ်နေတဲ့

ရောဂါအခြေအနေနဲ့  သူ့စဉ်းစားချက်တွေကို ပြောပြပါတယ်။ (အဲဒီအကြောင်းတွေကိုတော့ ဖေဖေက သူ့အထုပွတ္တိစာအုပ်မှာ  အကျယ်တ၀င့်ရေးပြီးဖြစ်လို့ ထပ်မရေးတော့ပါဘူး။) ကျမလဲ အဲဒီတော့မှ ဖေဖေ့အကြောင်း ခြေခြေမြစ်မြစ် တိတိကျကျ သိရတာပါ။

၃။ ဖေဖေ့အကြောင်းသိသူဟာ – ၃ – ယောက်ပဲ ရှိတယ်။ သခင်သန်းထွန်း၊ သခင်ချစ်နဲ့ ကိုကြီးမြင့်တို့ -၃ ယောက်။ သခင်သန်းထွန်းနဲ့ သခင်ချစ်တို့ က ကျဆုံးသွားပြီ။ ကိုကြီးမြင့်က ဒီမှာ (ရန်ကုန်မှာ)။ အခုပါတီကို

ဦးဆောင်နေသူတွေဟာ ဖေဖေ့အကြောင်း သိချင်မှသိမှာ။ ဖေဖေ့ကိုဆီးပြီး အရေးယူတာတွေ၊ ဘာတွေ

လုပ်နိုင်တယ်။ ဖေဖေ့အပေါ် သူတို့ ဘယ်လိုပဲ သဘောထားထား၊သမီးတို့က ပါတီပေးတဲ့တာဝန်ကို ထမ်းဆောင်ပါ။

၎။ ကိုယ်ကဆရာဝန်ပဲ ဆေးပဲကုမယ်လို့ သဘောမထားနဲ့၊ ပါတီကပေးတဲ့ တာဝန်ကို ယူပါ။ ကင်းစောင့်ခိုင်းရင် ကင်းစောင့်၊ ထမင်းချက်ခိုင်းရင် ထမင်းချက်၊ ဈေးရောင်းခိုင်းရင် ရောင်းပေါ့ —- တဲ့။

ဒါတွေကတော့ ဖေဖေဟာ ပါတီကိုလာဖို့ ပြင်ဆင်နေစဉ်ကတည်းက တွေ့ကြုံရလာနိုင်တဲ့ ပြဿနာတွေကို သူ့ဟာသူလည်း အတွေးအခေါ်အရ ပြင်ဆင်ရုံတင်မက ကျမကိုလည်း ပြင်ဆင်ပေးခဲ့တာတွေ ဖြစ်ပါတယ်။ ဒါဟာ ပါတီဝင်တယောက် အနေနဲ့ ပါတီကို အကြွင်းမဲ့နာခံတဲ့ သဘောထားပါ။

             ++++++++++++++++++++++

   ၁၉၇၆ – ဇူလိုင် ၂၀ ရက်နေ့မှာ ကျမတို့ သားအဖတတွေ ပါတီရဲ့ရှေ့တန်းစခန်းထောက် မန်ရှိုး ခေါ် မန်ဟီးရိုးရွာလေးကို ရောက်ရှိလာပါတယ်။ (စကားချပ်။ မန်ဟီးရိုးကို မန်ဟိုင်းနဲ့ အမှတ်မှားခဲ့ပါတယ်။ ဒါကြောင့် ဖေဖေရဲ့ အတ္ထုပွတ္တိစာအုပ်ရဲ့ ခေါင်းစဉ်မှာ “ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့´လို့ ဖြစ်နေပါတယ်။ အမှန်က မန်ဟီးရိုးပါ။) ကျမတို့ သားအဖကို နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်လည်းဖြစ် ပါတီရဲ့မြေအောက် တာဝန်ခံလည်းဖြစ်တဲ့ ရဲဘော်ထွန်း (ဗိုလ်ကြင်မောင်) က လာခေါ်ပြီး အဲဒီတုန်းက ပါတီခေါင်းဆောင်အများစု ရောက်ရှိနေတဲ့မြို့ကို ခေါ်ဆောင်သွားခဲ့ပါတယ်။ ပါတီဥက္ကဌသခင်ဗသိန်းတင်ဦးဆောင်တဲ့ ပါတီထိပ်တန်းခေါင်းဆောင်အချို့ဟာ ကေအိုင်အေ ဥက္ကဌဦးဘရန်ဆိုင်း ဦးဆောင်တဲ့ ကေအိုင်အေအဖွဲ့နဲ့ တပ်ပေါင်းစုလုပ်ငန်းများအတွက် အဲဒီမှာ ဆွေးနွေးနေတဲ့ကာလ ဖြစ်ပါတယ်။

ကျမတို့ကို ပါတီဒုဥက္ကဌရဲဘော်ခင်မောင်ကြီး၊နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်ရဲဘော်အောင် (ရဲဘော်မျိုးမြင့်)၊ ဗဟိုကော်မတီဝင် ရဲဘော်သန်းရွှေတို့ လာကြိုကြပါတယ်။ ဖေဖေနဲ့က ရဲဘော်အောင်နဲ့ရော ရဲဘော်သန်းရွှေနဲ့ရော ဘီဒီအေ ခေတ်ကတည်းက သိကျွမ်းရင်းနှီးပြီးသားပါ။ ဧည့်ခံဌာနကို ရောက်တဲ့အခါ ဆင်ဝင်အောက်ကနေ ထွက်ကြိုနေတဲ့ ဥက္ကဌသခင်ဗသိန်းတင်ကို တွေ့ရပါတယ်။

   ဥက္ကဌက ဖေဖေကို တွေ့တွေ့ခြင်း၊ လက်ဆွဲနှုတ်ဆက်ပြီး ပြောတဲ့စကားတွေကို ကျမအခုထိ ကြားယောင်နေမိပါတယ်။ ဥက္ကဌက ဖေဖေလက်ကို သူ့လက် ၂ ဖက်နဲ့ အားရပါးရဆုပ်ကိုင်ထားပြီး—-

“ဗိုလ်ကျော်ဇောရယ် –  မနာလိုလိုက်တာဗျာ။ ကျုပ်ခင်ဗျားကို အားကျလိုက်တာဗျာ သားတွေသမီးတွေပါ ပါအောင်ခေါ်လာနိုင်တယ်” လို့ ဆိုပါတယ်။ ကျမတို့ မရောက်မချင်း သူတို့တတွေ ဘယ်လောက် စိတ်ပူနေရကြောင်းလည်း ပြောပြပါတယ်။ ကျမတို့ လမ်းခရီးအတွေ့အကြုံတွေကိုလည်း မေးမြန်းပါတယ်။

   ကျမတို့သားအဖ လားရှိုးတည်းခိုခန်းမှာ ညအိပ်နားတယ်ဆိုတာ ပြောပြမိတော့ ဥက္ကဌက သူ့ရင်သူဖိပြီး၊- -“အမယ်လေး-အမယ်လေး-ဗိုလ်ကျော်ဇောရယ် ရမ်းလှချည့်လားဗျာ” လို့ဆိုပြီး၊ ရဲဘော်ထွန်းဘက်

လှည့်ကာ၊“ကိုထွန်း ခင်ဗျားလူတွေ ဘယ်လိုလုပ်လိုက်တာတုန်း”လို့ ပြောပါတယ်။

အဲဒီညမှာ ဥက္ကဌဦးစီးပြီး ပါတီက ကျမတို့ သားအဖကို ကြိုဆိုတဲ့ အခမ်းအနားနဲ့ ထမင်းစားပွဲ ကျင်းပပါတယ်။ အဲဒီပွဲမှာ ဥက္ကဌက ကြိုဆိုတဲ့မိန့်ခွန်းပြောဆိုရာမှာ——

“ရဲဘော်ကျော်ဇောဟာ ပါတီကြောင့် တမိသားစုလုံး ဒုက္ခရောက်သွားရတာ။ ဒါတောင် ပါတီကို စိတ်မနာဘဲ ပြန်လာတဲ့အတွက်၊ အလွန်ဂုဏ်ယြူပီး အလွန်လည်း ကြိုဆိုပါတယ်”– ဆိုတဲ့စကား ထည့်ပြောပါတယ်။

     ဖေဖေက သူပြန်ပြောရတဲ့ အလှည့်မှာတော့ —–

            “ဘယ်နှယ် ပြောလိုက်တာလဲ ဥက္ကဌရယ် — ကျွန်တော်က ဒုက္ခရောက်ရတယ်ဆိုတာ ကိုယ့်မိသားစု ကွက်ကွက်လေးပါ။ ကျွန်တော်တပ်ထဲမှာ မရှိကတည်းက ပါတီဟာ တပြေးထဲ ပြေးရတာ နောက်ဆုံး ပဲခူးရိုးမတောင် ပြုတ်သွားရတာ။ ဒီလောက် ပါတီကြီး ထိခိုက်နစ်နာသွားရတဲ့ ကိစ္စမှာ ကျွန်တော်က ကိုယ့်မိသားစု ကိစ္စလေးနဲ့ ဘယ်လိုလုပ် စိတ်နာနိုင်ပါ့မလဲ”—လို့ ပြောလိုက်ပါတယ်။

       အားလုံးငိုင်ကျသွားပါတော့တယ်။

        ဖေဖေက ပါတီဝင်တယောက်အနေနဲ့ ပါတီအကျိုးစီးပွားကိုသာ ဦးထိပ်ထားကြောင်း ဖော်ပြလိုက်တဲ့ သာဓကတရပ်ပါ။

                +++++++++++++++++++++

     ဒီဖြစ်ရပ် (၂) ခုက ကျမကို ပါတီဝင်တယောက် ထားရှိရမယ့် စိတ်ဓာတ်နဲ့ လုပ်ဟန်ကို ကောင်းကောင်း သင်ကြားပေးလိုက်ပါတယ်။

ဖေဖေကိုယ်တိုင်လည်း ဒီလုပ်ဟန်တွေကို ပါတီဝင်ဖြစ်ကတည်းက တသက်လုံး ထိမ်းသိမ်းသွားခဲ့တာ နောက်ဆုံးကွယ်လွန်ချိန် အထိပါပဲ။

ဒါကြောင့်ပဲ ဆရာကြီးဒဂုန်တာရာက ဖေဖေကွယ်လွန်ချိန်မှာ အမှတ်တရစကား ပြောရာမှာ —-

“ဗိုလ်ကျော်ဇောဟာ သူယုံကြည်တဲ့ ကွန်မြူနစ်ပါတီအပေါ် သစ္စာရှိသူ” လို့ ပြောခဲ့ဟန်တူပါရဲ့ ။

                                                 လှကျော်ဇော။

                                                 ၃-၁၂-၂၀၁၃

      (ဖေဖေ အသက် ၉၄ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ရေးသားပါတယ်။)

Leave a Reply

Your email address will not be published. Required fields are marked *